၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်

 နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အလဟသမဖြစ်စေဘဲ အကျိုးရှိစွာအသုံးချနိုင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်သူ များဖြစ်စေလိုသည့် ရည်ရွယ်ချက်များဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းဝင်းအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများတွင် အားကစားနည်းများအလိုက် (၁၄)မျိုးကို ၇.၃.၂၀၁၇ ရက်နေ့မှ ၆.၄.၂၀၁၇ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ၊ သင်တန်းသား/သင်တန်းသူ (၂၆၇)ဦး တို့အား ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြန်မာ့ရိုးရာ သိုင်းအဖွဲ့တို့ ပူးပေါင်း၍ နွေရာသီမြန်မာ့ရိုးရာ သိုင်းအားကစားနည်း သင်တန်းဆင်းပွဲကို မတ်လ ၁၇ ရက် နံနက် ၇ နာရီက အားကာ/သိပ္ပံကျောင်း(မန္တလေး)ရှိ ဘောလုံးကွင်းတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက်   သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းနှင့် ရှမ်းတိုင်းရင်သားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော်တို့က တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီတို့မှ သင်တန်းနည်းပြဆရာများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 ယင်းနောက် ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၁၇ ရက်နေ့ထိ မြန်မာ့ရိုးရာသိုင်းသင်တန်း တက်ရောက်ခဲ့ကြသည့် အားကာ/သိပ္ပံကျောင်း(မန္တလေး) အလယ်တန်းနှင့်အထက်တန်းတို့မှ သင်တန်းဆင်း သင်တန်းသား/သင်တန်းသူ (၃၀၀)တို့က မြန်မာ့ရိုးရာသိုင်းအားကစားနည်းကို လက်တွေ့သရုပ်ပြသ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကာ/သိပ္ပံကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဝေဇင်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးခဲ့ကြသည်။