၂၀၁၇ခုနှစ်၊မတ်လ ၁၈ ရက်

 ငြိမ်းချမ်းချစ်ကြည်စွာ ထာဝစဉ်ယှဉ်တွဲနေထိုင်ကြသည့် ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

 တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအတွင်းမှ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များ၊ ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများ၊ ဂိုဏ်းအုပ်များ၊ ဘာသာရေး ခေါင်းဆောင်များကြွရောက်ချီးမြှင့်ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်ဇနီး၊ အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာပေါင်းစုံမှ ညီအစ်ကိုမောင်နှမများ၊ တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီများ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ ကြသည်။

 အခမ်းအနားတွင် ဝန်ကြီးချုပ်က “ဒီနေ့ ငြိမ်းချမ်းရေးအလံတွေနဲ့ ပရိသတ်ကြီးကို မြင်ရတော့ အားရကျေနပ်တယ်၊ ယုံကြည်ရာဘာသာအသီးသီး သက်ဝင်ယုံကြည်တဲ့သူတွေအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ပိုင်းဖြတ်ထားတယ်ဆိုတဲ့ သံန္နိဋ္ဌာန်တစ်ရပ်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ အတွက် အားတက်စရာပါပဲ၊ ပထဝီဒေသပေါ်မှာမူတည်ပြီးတော့ရုပ်ပိုင်းဆိုင်ရာတွေ ခြားနားမယ်၊ ကိုးကွယ်ယုံကြည်မှုတွေကွဲပြားမယ်၊ ဒါပေမယ့် လူသားပေါ်မှာအခြေခံလို့ရှိရင် လူသားအခွင့်အရေး ဘယ်သူမဆိုရကြရမှာပါ၊ လူသားဖြစ်တည်မှုကြာရှည်လာတဲ့အခါမှာ လူ့အခွင့်အရေးဆိုတာ ဆောင်ရွက်ပေးဖို့ အစိုးရတွေကပြဋ္ဌာန်းလာကြတယ်၊ ဒါကြောင့်မို့လည်း လူ့အခွင့်အရေးကြေညာစာတမ်းဆိုတာ ပေါ်လာတာ၊ လူသားအခြေခံ လိုအပ်ချက်က စားဝတ်နေရေးပါဘဲ၊ ဒါပေမယ့် အားလုံးမျှော်လင့်တာက စိုးရိမ်ကြောင့်ကျမှုကင်းကင်းနဲ့ အိပ်စက်ချင်တာ၊ နိုးထချင်တာ၊ ဒီအချက်ဟာ အခြေခံအကျဆုံး လူသားတိုင်းရဲ့ မျှော်လင့်ချက်ပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောထားတာရှိတယ်။ ဒီဆန္ဒကိုဖြည့်ဆည်းပေးဖို့ အစိုးရမှာ တာဝန် ရှိတယ်၊ ဒါကြောင့်မို့လည်း ကျွန်တော်နိုင်ငံရဲ့အခြေခံဥပဒေထဲမှာ ဗုဒ္ဓဘာသာအပြင် အခြားဘာသာတွေကိုလည်း အသိအမှတ်ပြုထားတာ၊

ဘာသာမတူ ကိုးကွယ်မှုမတူပေမယ့် တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်ခရီးတည်း သွားနေကြတဲ့ ညီအစ်ကို မောင်နှမတွေပဲဖြစ်ကြပါတယ်၊ နိုင်ငံသားတွေရဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေကို အစိုးရက စောင့်ရှောက်ဖို့ တာဝန်ရှိတယ်၊ နိုင်ငံသားတွေရဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေကို ကာကွယ်ပေးဖို့လည်းတာဝန်ရှိပါတယ်၊ အစိုးရကအခြေခံအကျဆုံးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကို လုပ်နေပေမယ့် တကယ်တမ်း ကျတော့ နိုင်ငံသား တွေမပါဘဲနဲ့ အောင်မြင်မှာမဟုတ်ပါဘူး၊ ပြည်သူအားလုံး ကြောင့်ကျမှုကင်းကင်းနဲ့နေထိုင်ဖို့ဆိုတာ အချင်းချင်း ကူညီပေးရမယ်။

မန္တလေးမြို့ဟာ စီးပွားရေးအရ အချက်အချာကျတဲ့မြို့ဖြစ်လာပြီ၊ ကျွန်တော်တို့မှာ အခွင့်အရေး တွေရှိပါတယ်၊ ယဉ်ကျေးမှုရဲ့ အချက်အချာလည်းဖြစ်တယ်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရတင်မကပါဘူး နိုင်ငံသားအားလုံးချစ်တဲ့စိတ်ဓာတ်နဲ့ တည်ဆောက်နိုင်မှာဖြစ်ပါတယ်၊ ဒီနေ့နိုင်ငံမှာ အထူးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးအဆင့်အနေနဲ့ပင်လုံညီလာခံကိုဖော်ဆောင်ပြီး နိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းရေး တည်ဆောက်ကြိုးပမ်း နေပါတယ်၊ ငြိမ်းချမ်းရေးမှာလည်း အားလုံးပါဝင်ဖို့အရေးကြီးပါတယ်။

 မန္တလေးမြို့ဟာ ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာနဲ့ နေထိုင်လာတဲ့မြို့ဖြစ်ပါတယ်၊ လူတိုင်းရင်မှာ ငြိမ်းချမ်းစွာအတူနေထိုင်ပါမယ်ဆိုတဲ့ ဆန္ဒကိန်းအောင်း နေဖို့ ကြိုးစားသင့်တယ်ဆိုတဲ့ အသိတစ်ခု ဒီနေ့တွေ့ဆုံပွဲကနေ ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊ တွေ့ဆုံပွဲကိုကြိုးပမ်းအားထုတ် အကောင်အထည် ဖော်ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊

 ကျွန်တော်တို့ချစ်ခင်ရင်းနှီးမှုကိုဖြစ်စေမယ့်စကားတွေပြောပါ၊ အမုန်းစကားတွေမပြောသင့်ဘူး ရင်ထဲမှာမေတ္တာတရားတွေ ကိန်းအောင်းနေဖို့အရေးကြီး ပါတယ်၊ မေတ္တာတရားနဲ့သာနေထိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံတည်ရှိနေသရွေ့ ဧရာဝတီမြစ်ကြီးတည်ရှိနေသရွေ့ နောင်မှာဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနဲ့ နေထိုင်တဲ့မြို့လို့ လက်ညိုးထိုးပြနိုင်မယ့်မြို့ဟာ မန္တလေးမြို့ဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ကိုယ်တိုင် လက်ခံယုံကြည်ထားတဲ့ ချစ်ခင်ရင်းနှီးစွာနဲ့ ထာဝစဉ်အတူလက်တွဲနေ ထိုင်ပါမယ်ဆိုတဲ့ စိတ်ဓာတ်ကို နှလုံးသားထဲမှာ ကိန်းအောင်းနေပြီး ရင်ဝယ်ပိုက်ထားနိုင်မယ်ဆိုရင် မန္တလေးမြို့ကြီး တိုးတက်စည်ပင်ဖို့ပဲရှိပါတယ်၊ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ အနာဂတ်၊ နောင်မှာ ပေါက်ဖွားလာမယ့် မျိုးဆက်သစ်တွေအတွက်ပါ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း ကတိပြုပါ တယ်”ဟု ပြောကြားသည်။

 ဆက်လက်၍ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ ဟိန္ဒူ ဘုန်းတော်ကြီး  ပရ်ဘူ ရမ်ချန်ဒရာ ဒတ်ခ်ျ၊ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ အတွင်းရေးမှူး မောင်လနာဟာဖိဇ်သွာဟစ်ရ်(ခ) ဆရာခင်မောင်နု၊ ခရစ်ယာန်ဘာသာမှ Rev: Dr ဇော်ဝင်းအောင်၊ ဘဟာအီ သာသနာ့အကျိုးဆောင်အဖွဲ့မှ ဦးမြင့်ဆွေတို့က ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ဩဝါဒစကားများကို အသီးသီးမိန့်ကြားခဲ့သည်။

 ထို့နောက် အကြမ်းဖက်လုပ်ရပ်များကြောင့်အသက်ပေးဆပ်သွားရသော ဘာသာပေါင်းစုံတိုင်းရင်းသားညီအစ်ကိုမောင်နှမများအား ရည်စူး၍ အခမ်းအနား တက်ရောက်လာသူအားလုံးက ရှစ်စက္ကန့် ငြိမ်သက်ခြင်းဖြင့် ဆုတောင်းပေးကြသည်။

အခမ်းအနားတွင် အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်း၏ ငြိမ်းချမ်းရေးသီချင်းအပါအဝင် ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများကလည်း ငြိမ်းချမ်းရေးတေးသီချင်းများဖြင့် အသီးသီး သီဆို ဖျော်ဖြေခဲ့ကြကြောင်း၊ ယနေ့ကျင်းပသောတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။