၂၀၁၇ခုနှစ်၊သြဂုတ်လ ၁၁ ရက်

 မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါရွာ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးချီးမြှင့်သည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်၊ လွှတ်တော်အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးလင်းရေးကို စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 ထို့နောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဒီနေ့မီးလင်းရေးက မင်္ဂလာရှိတဲ့အခမ်းအနားဖြစ်ပါတယ်၊ ဘာလို့လည်းဆိုတော့ အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်နိုင်တာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးမီးလင်းရေးကို ၂၀၃၀ ခုနှစ်မှာခန့်မှန်းထားပါတယ်၊ ကျေးရွာတွေမီးလင်းရေးကို မီးလင်းရေးကော်မတီနဲ့ဆောင်ရွက်ရတယ်၊ ပြည်သူလူထုက စိုက်ထုတ်ကုန်ကျတာတွေရှိပါတယ်၊ အစိုးရက စိုက်ထုတ်ကုန်ကျတာတွေရှိပါတယ်၊ အလှူရှင်တွေကလှူဒါန်းတာတွေရှိပါတယ်၊ ဒါကဘာကိုပြသလည်းဆိုရင် အစိုးရရယ်၊ ပြည်သူရယ်၊ စေတနာရှင်၊ အလှူရှင်တွေပေါင်းပြီး ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အောင်မြင်မှုဘဲဖြစ်ပါတယ်၊ ဒီအောင်မြင်မှုကို ဘုရားကြီးကျေးရွာက စတင်ခံစားရတာဖြစ်ပါ တယ်၊ မီးလင်းရေးကော်မတီနဲ့ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြားသွားတာရှိပါတယ်၊  ပြောသင့်ပြောထိုက်တယ်ထင်လို့ ပြောတာပါ၊ ကျေးရွာတွေ မီးလင်းရေးက မီးလင်းရေးကော်မတီက ဆောင်ရွက်ရတာဖြစ်တယ်၊ တစ်နည်းပြောရရင် လူထုငွေတွေပါဝင်ပါတယ်၊ လူထုငွေနဲ့ ကိုယ့်ရွာကို မီးလင်းရေးဆောင်ရွက်တဲ့အခါမှာ အတိုင်းအတာတစ်ခုစိုက်ထုတ်သုံးစွဲရတယ်၊ ဒါ့အပြင်ကိုယ်မီးလင်းသွားတဲ့အခါမှာ မီးလင်းရေးကော်မတီက ထင်နေကြတာ၊ ဒါငါတို့ရွာက ကြိုပမ်းအားထုတ်ခဲ့လို့ မီးလင်းတာလို့ထင်ကြတယ်၊ ဒါပေမယ့် မီးလင်းသွားပြီးဆိုရင် ဒီမီးလင်းတဲ့အခြေအနေတစ်ရပ်ကို ဘယ်သူကစီမံခန့်ခွဲမှုရှိမလဲဆိုရင် အစိုးရကပဲစီမံခန့်ခွဲခွင့်ရှိပါတယ်၊ ဒါကဥပဒေပါ အခြားရွာတွေမီးလင်းချင်တဲ့အခါမှာ မီးသွယ်တန်းခွင့်ကို မီးလင်းရေး ကော်မတီကိုတောင်းပါတယ်၊ မပေးကြဘူး၊ ပိုက်ဆံတောင်းကြတယ်၊ ဒါကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီလိုမဖြစ်သင့်ဘူး၊ ကိုလည်းအလင်း ရနေတယ်၊အခြားကိုမီးသွယ်တန်းခွင့်ပေးတာအလှူတစ်ခုဘဲလို့ပြောသွားတယ်၊ မျှဝေခြင်းလည်းဖြစ်ပါတယ်၊ ဒါကိုဆောင်ရွက်ပေးစေချင်ပါတယ်၊ ဒီမှာလည်း အခြားရွာက ကိုယ့်ရွာကို မီးလင်းဖို့တောင်းရင်ကြည်ကြည်ဖြူဖြူပေးပါ၊ မျှဝေပေးပါ၊ မီးလင်းရေးကော်မတီကိုလည်းမှာချင်ပါတယ်၊ ပြည်သူလူထုငွေတွေ သုံးတဲ့အခါ စာရင်းရှင်းတမ်းကို ပွင့်လင်းမြင်သာစွာလုပ်စေချင်ပါတယ်၊ ဘယ်လောက်သုံးစွဲတယ်ဆိုတာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားပေးပါ၊ ဒီနည်းအားဖြင့် ပြည်သူတွေရဲ့ငွေတွေကို စနစ်တကျစီမံခန့်ခွဲတယ်ဆိုတာ လူထုသိမှာဖြစ်ပါတယ်၊ မီးလင်းသွားတဲ့အတွက် ဘယ်သူတွေ အကျိုးခံစား ရသလဲဆိုရင် ပထမဆုံး ကျောင်းသူ၊ ကျောင်းသားတွေ အကျိုးခံစားရမှာဖြစ်တယ်၊ ကျောင်းသူ၊ ကျောင်းသားတွေ လျှပ်စစ်မီးနဲ့ စာဖတ်ရတော့မယ်၊ စာကို ကြိုစားဖို့ ပိုပြီးလွယ်သွားမယ်၊ ဒါကရွာအတွက်လည်းကောင်းတယ်၊ တိုင်းပြည်အတွက်လည်းကောင်းတယ်၊ ကလေးတွေပညာတက်တာ နိုင်ငံတော် အတွက် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်၊ မီးလင်းသွားတဲ့အတွက် ဒုတိယအကျိုးရှိတာ အိမ်ထောင်ရှင်မတွေဖြစ်တယ်၊ ထင်းမရှာရတော့ဘူး၊ ထင်းအစားလျှပ်စစ်နဲ့ချက်လို့ရတဲ့ ကိရိယာတွေရှိလာတယ်၊ အဲ့ဒီအတွက် ထင်းခုတ်လို့တောပြောင်တာတွေနည်းသွားတယ်၊ လျှပ်စစ်ရတဲ့အတွက် ကျေးရွာ ထပ်ပြီးဖွံ့ဖြိုးလာမယ်၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်း တွေလုပ်ကိုင်လို့ရမယ်၊ ဒီနည်းအားဖြင့် ကျေးရွာတွေဖွံ့ဖြိုးလာမှာဖြစ်တယ်၊ လျှပ်စစ်မီးရတဲ့အတွက် ရွာတွေဖွံ့ဖြိုးလာမယ်၊ မြို့နယ်တွေဖွံ့ဖြိုးလာမယ်၊ မြို့နယ်တွေဖွံ့ဖြိုးမှ တိုင်းဒေသကြီးဖွံ့ဖြိုးလာမှာဖြစ်တယ်၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှ တစ်နိုင်ငံလုံးဖွံ့ဖြိုးလာ မှာဖြစ်ပါတယ်၊ ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်လုပ်နေတဲ့ ငြိမ်းချမ်းရေးကိုလည်း ပြည်သူလူထုက ထောက်ခံဖို့ ဝိုင်းဝန်းအားပေးဖို့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုပါတယ်”ဟု ပြောကြားတယ်။

 ဆက်လက်၍ မြင်းခြံခရိုင်လျှပ်စစ်မန်နေဂျာ ဦးမြတ်သောင်းက လျှပ်စစ်မီးလင်းရေးနှင့်ပတ်သက်သော သဘောတရားများကို ရှင်းလင်းတင်ပြပြီး ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဌ ဦးခင်မောင်လှက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးရွာမီးလင်းရေးအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ကြသည်။

 အဆိုပါဘုရားကြီးကျေးရွာ လျှပ်စစ်မီးလင်းရန်အတွက် မီးတိုင်ပေါင်း(၁၀၄)တိုင်၊ မီးသွယ်တန်းသည့် အခန်းအရေးအတွက် (၁၀၃)ခန်း၊ မီးသွယ်တန်းသည့် မိုင်အရေးအတွက်(၂.၅)မိုင်၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ၊ သွယ်တန်းယူသည့်လိုင်း ၁၁ ကေဗွီအေနှင့် အခြားလျှပ်စစ်ရရှိရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ၂၀၁၆ - ၂၀၁၇ ဘတ်ဂျက် တင်ဒါပိုလျှံငွေ (၅၃၅)သိန်း ကျေးရွာနေပြည်သူလူထုမှ ထည့်ဝင်ငွေ (၃၀၂)သိန်း၊ လူထုဗဟိုပြုမှ ထောက်ပံ့ ငွေ (၂၁၅)သိန်းတို့ဖြင့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။