၂၀၁၇ခုနှစ် စက်တင်ဘာ ၁၂ ရက်

 ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများသို့ မဟာဓမ္မိကာရာမကျောင်းတိုက် တိုက်အုပ် ဆရာတော် အမှူးပြုသော နာယက၊ အကျိုးတော်ဆောင်၊ ကျောင်းထိုင်ဆရာတော်များနှင့် စာသင်သားသံဃာတော်များ၊ ဒါယကာ၊ဒါယိကာမများစုပေါင်းကာ စာနာထောက်ထား ဂရုဏာပွား၍ အလှူငွေ၊ စားသောက်ဖွယ်ရာနှင့် အ၀တ်အစားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါကျောင်းတိုက် ရတနာပုံ ကျောင်းတွင် ပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ မဟာဓမ္မိကာရာမကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တရေ၀တနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် အစိုးရ အဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနှိုင်းမဲ့သွေးလှူရှင်အသင်းဝင်များ၊ ပရဟိတအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 အစီအစဉ်အရ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြ၀ါဒါစရိယ မဟာဓမ္မိကာရာမတိုက် အကျိုးတော် ဆောင် မိတ္ထီလာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယက သြ၀ါဒကထာမြွတ်ကြားတော်မူပြီး နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် မဟာဓမ္မိကာရာမတိုက် အကျိုးတော်ဆောင် ရတနာပုံကျောင်းဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသီဟနာဒက ထောက်ပံ့လှူဒါန်းရခြင်းနှင့် စာနာထောက်ထား ဂရုဏာပွားမှုများကို ရှင်းလင်းမိန့်ကြားသည်။

 ထို့နောက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့လှူဒါန်းသော အလှူငွေ (၈၆) သိန်းကျပ်၊ ဆန် (၁၀၃) အိတ်၊ ဆီပုံး (၂၀) ခေါက်ဆွဲခြောက် (၁၈၀)ဖာနှင့် အ၀တ်အစားအိတ်များကို ဆရာတော်များကိုယ်စား ဒါယကာတစ်ဦးက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က လက်ခံရယူ၍ အနုမောဒန ခေါ်ဆိုကြသည်။

 ထို့နောက် ၀န်ကြီးချုပ်က လှူဒါန်းမှုများလက်ခံရခြင်းအတွက် ပီတိစကားနှင့် တိုင်းရင်းသားများအတွက် ဂရုဏာစကားကို လျောက်ထားပြီး လှူဒါန်းပွဲ သို့တက်ရောက်လာကြသူများက အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။