၂၀၁၇ခုနှစ် စက်တင်ဘာ ၁၃ရက်

မန္တလေးမြို့ ချမ်းသာကြီးဆန်လှူအသင်းကြီး၏(၃၉)ကြိမ်မြောက် သက်တော်ရှည် ဂုဏဝယပူဇော်ပွဲနှင့် သြဝါဒခံယူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပွဲကုန်းလမ်းမတန်းရှိ အဆိုပါအသင်းရွှေပြည်ညွန့်ဗိမာန်တွင်ကျင်းပရာ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ မဟာဝိဇိတာရုံကျောင်း ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒဘိဝံသ၊ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဒက္ခိဏရာမဘုရားကြီးတိုက်၊ အတုလကာရီဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ၊ သီတဂူဆရာတော် တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ အမှူးပြုသော သက်တော်ရှည်ဆရာတော်ကြီး (၁၉၄)ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာစိုးသန်း၊ ဦးမြတ်သူ၊ ဦးစိုင်းကျော်ဇော၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ချမ်းသာကြီး ဆန်လှူအသင်းဥက္ကဋ္ဌ ဦးသန့်စင်(မဟာသဒ္ဓမ္မဇောတိကဓဇ)၊ အလှူရှင် မန္တလေးမြို့၊ ၃၄လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားနေ ဦးစိုင်းကျော်+ဒေါ်တင်တင်ခိုင် (စံပြနွယ်-ဆန်ပွဲရုံ)မိသားစုနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြည်ညိုကြသည်။

 ရှေးဦးစွာ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ မဟာဝိဇိတာရုံကျောင်းဆရာတော်ကြီးထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကြသည်။

 ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။ ယင်းနောက်အသင်းဥက္ကဋ္ဌက ဆရာတော်ကြီးများထံ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အသင်း၏ ဆောင်ရွက်မှုကို လျှောက်ထားပန်ကြားသည်။

 ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က သြဝါဒကထာမြွက်ကြားတော်မူသည်။

 ထို့နောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး သီတဂူဆရာတော်က ရေစက်ချအနုမောဒနာတရားကို နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်အရ ကြွရောက်တော်မူကြသည့် ဆရာတော်၊သံဃာတော်များအား အလှူရှင်များက လှူဖွယ်များဖြင့် လှူဒါန်းခဲ့ကြသည်။