၂၀၁၇ခုနှစ် စက်တင်ဘာ ၁၃ရက်

 ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၁၃ရက့် နံနက် ၉နာရီက မန္တလေး၊ ချမ်း အေးသာစံ မြို့နယ်၊ ပညာရေးကောလိပ်ပညာတန်ဆောင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီးတို့ တက်ရောက် အားပေးချီးမြှင့်သည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဒေါက်တာ စိုးသန်း၊ ဦးမြတ်သူ၊ ဦးစိုင်းကျော်ဇော၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအောင်ဝင်းနှင့် ၎င်းတို့၏ဇနီးများ လွှတ်တော်အဆင့်ဆင့်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မန္တလေး UNICEF ရုံးမှ တာဝန်ရှိသူများ၊ World Vision Myanmar မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၁၉၉၇ခုနှစ်ကတည်းက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တိုက်ဖျက်လာတာ ယခုနှစ်ဆိုရင် နှစ်(၂၀)ကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံဒေသအတွင်းမှာ စံပြုလောက်တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ကုလသမဂ္ဂနဲ့ အာဆီယံဆိုင်ရာ  လူကုန်ကူးမှုတိုက်ဖျက်ရေးစာချုပ်စာတမ်းတွေမှာ အဖွဲ့ဝင်အဖြစ်ဝင်ရောက်နိုင်ခဲ့တယ်။ နှစ်နိုင်ငံအကြားနားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခြင်းစတဲ့ ထင်ရှားတဲ့ရလဒ်ကောင်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ (၅)နှစ်စီမံကိန်းများရေးဆွဲပြီး၊ ကဏ္ဍပေါင်းစုံပါဝင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ASEAN Convention Against Trafficking in Persons, Especially Women and Children  ကိုလည်း ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီ Convention ပါ ပြဌာန်းချက်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ အများစုကိုက်ညီပြီး ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

 လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကြိုးစားအားထုတ် အကောင်အထည်ဖောင်ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်နိုင်ငံကထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာမှာ မြန်မာနိုင်ငံကို TIER 2 Watch List မြှင့်တင်ခြင်းခံခဲ့ရပါတယ်။ တိုင်းဒေသကြီးအနေနဲ့ ၂၀၁၅-၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု မှုခင်းများ၊ စုံစမ်းဖော်ထုတ်ခဲ့မှုများ၊ ကြိုတင်ကာကွယ်ရေးကဏ္ဍအနေနဲ့ အသိပညာပေး လုပ်ငန်းများကို ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အဆင့်ထိ နည်းလမ်းအမျိုးမျိုးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်

ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ စုပေါင်းအင်အားနဲ့မှသာ လူကုန်ကူးမှုတွေကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

 ဒါကြောင့် ဒီနေ့ရက် လူကုန်ကူးမှုဆောင်ပုဒ်အတိုင်း လူကုန်ကူးမှုမှန်သမျှဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ကြပါလို့ တိုက်တွန်းပြောကြား အပ်ပါတယ်ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလေး UNICEF ရုံးအကြီးအကဲ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရွှေက ၂၀၁၇ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အတွက်

Secretary of the Global Agency Coordination Groupမှ ပေးပို့သော Statement အား ဖတ်ကြားပြီး World Vision Myanmarမှ အလယ်ပိုင်းဇုန် မန်နေဂျာ ဒေါ်နော်အဲလ်မရာစံမင်းက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ဂုဏ်ပြုစကား ပြောကြားသည်။

 ယင်း နောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှုဗီဒီယိုခွေအားနောက်ခံစကားပြောဖြင့်တင်ပြပြီး World Vision Myanmarမှ စီစဉ်သည့် အသိပညာပေးတစ်ခန်းရပ်ပြဇာတ်ဖြင့်တင်ဆက်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။