၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်

 မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူး၍ ဆေးသုတ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီက အဆိုပါအသင်းရုံး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့ တက်ရောက်အားပေးချီးမြှင့်သည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်နှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌ ဦးသန်းဝင်းနှင့်တာဝန်ရှိသူများ၊ TERRACO ကုမ္ပဏီနှင့် Coating World ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ သင်တန်းသား (၆၅)ဦးနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံက ပညာရှင်တွေ လိုအပ်သလို၊ ကျွမ်းကျင်တဲ့ အလုပ်သမား တွေလည်း လိုအပ်ပါတယ်၊ မျှမျှတတမွေးထုတ်ပေးရမယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ စက်မှုဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်တယ်၊ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျွမ်းကျင်အလုပ်သမားတွေရှိဖို့ လိုအပ်တယ်၊ ဒီနည်းအားဖြင့် ကျွမ်းကျင်အလုပ်သမားတွေကို သင်တန်းပေးရပါတယ်၊ ကိုယ့်လုပ်ငန်းမှာရှိနေတဲ့ဝန်ထမ်းတွေ စွမ်းရည်မြင့်သင်တန်းတွေပေးရမယ်၊ တနည်းအားဖြင့် ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်အလုပ်သမား တွေကိုမွေးထုတ်ပြီး ကိုယ်တိုင်ဘဲ ပြန်သုံးတာဖြစ်တယ်၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း နိုင်ငံအတွင်းနေထိုင်နေတဲ့ လူငယ်တွေရဲ့ဘ၀ကို လေ့လာ ရပါတယ်၊ သူတို့ရဲ့အလုပ်အကိုင်ရှာဖွေရေး သူတို့ဘ၀ကိုဝမ်းကျောင်းနိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းပညာတစ်ခုသင်ပေးဖို့ စဉ်းစားရပါတယ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကိုကြည့်ရင်လည်း အသက်မွေးပညာသင်တန်းကျောင်းများတဲ့သူတွေက ပိုပြီးဖွံ့ဖြိုးတယ်ဆိုတာ တွေ့ရတယ်” ဟု ပြောကြားသည်။

 “အလုပ်အကိုင် အလွယ်တကူရနိုင်တဲ့ အသက်မွေးပညာသင်တန်းတွေဖွင့်လာတာ အလုပ်အကိုင် ရှာဖွေဖန်တီးပေးသလို တိုင်းပြည်ရဲ့ GDP ကိုလည်း တိုးတက်စေတယ်၊ အသက်မွေးပညာသင်တန်းတွေ တော်တော်များများပေါ်လာပါပြီ၊ ဒီလိုပေါ်လာတာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် အလားအလာကောင်းတွေ ဖြစ်ပါတယ်၊ ဆေးသုတ်ပညာက တည်ဆောက်ရေးနဲ့ ဆက်နွယ်နေတယ်၊ ဆေးသုတ်ပညာက အနုပညာပါတယ်၊ ဒီက သင်တန်းဆင်းပြီးသွားရင်လည်း ဆက်လက်လေ့လာပါ၊ ခေတ်မီဖွံ့ဖြိုးသရွေ့အဆောက်အဦးတွေဆောက်နေမယ်၊ ဆောက်နေသရွေ့ ဆေးသုတ်တဲ့ လုပ်ငန်းလုပ်နေရအုံးမယ်၊ ကြိုးစားပြီးသင်ပါ၊ သင်တန်းကိုဖွင့်ပေးတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ တည်ဆောက်ရေးတွေလုပ်ရအုံးမှာပါ၊ တည်ဆောက်ရေးလုပ်ငန်းထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်ရတာ အခက်အခဲဆုံးပါ၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ လုပ်ရမှာဖြစ်တယ်၊ ငြိမ်းချမ်းရေးရဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်အောင်ကြိုးစားပါ”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

 ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)က အမျိုးသမီးရေးရာကော်မတီသို့ အလှူငွေ(၁၀) သိန်းနှင့် ငြိမ်းချမ်းရေးအဖွဲ့သို့ အလှူငွေ(၅)သိန်းလှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

 ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌက သင်တန်းဖွင့်အမှာစကားပြောကြားပြီး Coating World ကုမ္ပဏီမှ ဒါရိုက်တာ ဦးရဲမျိုးထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ဦးအေးလင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) ဒုတိယ ဥက္ကဌ ဦးကိုကိုတို့က အသင်းမှ ရှေ့ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး TERRACO ကုမ္ပဏီမှ Mr.Steve Edgell က သင်တန်းဖွင့်လှစ်ပေးမှုများကို ရှင်းလင်းပြောကြားခဲ့သည်။