၂၀၁၇ခုနှစ် အောက်တိုဘာ ၁၀ ရက်

 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ စုပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြင့် (၂)လ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီက အမရပူရမြို့ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့ တက်ရောက်အားပေးချီးမြှင့်သည်။

 အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်နှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ယနေ့သင်တန်းမှာ ကျေးဇူးတင်စကား အားပေးစကား ပြောကြား ပေးမှာဖြစ်ပါတယ်၊ နိုင်ငံတော်မှာ ပညာတတ်တွေမွေးထုတ်ပေးဖို့လိုသလို ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးဖို့လည်း လိုအပ်ပါတယ်၊ ဒီလိုသင်တန်းမျိုးတွေပေးဖို့လည်း လိုအပ်ပါတယ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အသက်မွေးဝမ်းကျောင်းသင်တန်းတွေဖွင့်ဖို့ အားပေး လျက်ရှိပါတယ်၊ ပြီးခဲ့တဲ့လဆန်းပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးစကား သွားရောက်ပြီးပြောခဲ့တဲ့ မြေတိုင်ကန်ရွာက ကလေးမလေးတွေ အနီးနားရွာက ကလေးမလေးတွေအတွက် မိတ္ထီလာမှာ စက်ချုပ်သင်တန်း သွားဖွင့်ပေးခဲ့ပါတယ်၊ မိန်းကလေးတွေအတွက် မိမိဘ၀ကို ဝမ်းကျောင်းနိုင်အောင် ဖြစ်ပါတယ်၊ စက်ချုပ်ပညာတတ်သွားရင် ကိုယ့်ရဲ့တီထွင်ဉာဏ်နဲ့ လေ့လာသလောက်၊ ကြိုးစားသလောက် အောင် မြင်နိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

 “ဒါ့အပြင် အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ သင်တန်းဆင်းတဲ့ကလေးတွေက စက်ကော ခုံးကော ရရှိမှာဖြစ်ပါတယ်၊ ကိုယ့်ရွာကိုယ့်ဒေသ ရောက်ရင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ လုပ်ပါ၊ ကြိုးစားပါ၊ မိသားစုကို ထောက်ပံ့ပေးပါ၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ရပ်ရွာကို ကိုတတ်ထားတဲ့ ပညာနဲ့ အကျိုးပြုနိုင်အောင် ကြိုးစားပေးပါ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူရယ်၊ အစိုးရရယ်၊ ပုဂ္ဂလိကရယ် ပူးပေါင်းလုပ်တဲ့လုပ်ငန်း တွေက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ခြေလမ်းတွေဖြစ်တယ်၊ ဒီလိုလုပ်ငန်းတွေ များများရှိလေ၊ များများအကျိုးပြုလေ၊ များများ အောင်မြင်လေပါ၊ ဒါကြောင့်မို့ သင်တန်းဆင်းပွဲမှာ ထပ်မှာချင်တာက ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရမှဖြစ်မယ်၊ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးလုပ်နေတယ်၊ ငြိမ်းချမ်းရေးအောင်မြင်ဖို့ ကျွန်တော်တို့လည်း ဆောင်ရွက်လျက်ရှိပါတယ်၊ လူတိုင်း၊ လူတိုင်းမှာ ဒီငြိမ်းချမ်းရေးခေါ်ဆောင်ပေးဖို့ တာဝန်ရှိနေတယ်ဆိုတာကို အသိရှိနေစေချင်တယ်၊ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့အတွက် ဝိုင်းဝန်း ဆုတောင်းပေးပါ”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ စက်ချုပ်နည်းပညာသင်တန်းသူများ အသုံးပြုရန် မန္တလေးမြို့ မုဒုံမောင်မောင်ကုမ္ပဏီမှ အပ်ချုပ်စက် (၂၅)လုံးနှင့် Hi-Tech Land Co.,Ltd. မှ စက်ချုပ်စက်စားပွဲနှင့် ထိုင်ခုံ(၂၅)စုံအား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ စက်ချုပ်နည်းပညာ သင်တန်းသူများအတွက် အပ်ချုပ်စက်၊ စားပွဲနှင့် ထိုင်ခုံတို့အား ထောက်ပံ့ ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန ဝန်ကြီးက သင်တန်းသူများအား သင်တန်း ဆင်းအောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာမှ မယဉ်ယဉ်နွဲ့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်ကျင်းပြသထားသည့် အပ်ချုပ်စက်များနှင့် သင်တန်းသူများ၏ ချုပ်ထည်လက်ရာ များကို ကြည့်ရှုလေ့လာခဲ့ကြသည်။