၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

 မန္တလေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်နှင့်မိသားစုတို့၏ ၁၇ကြိမ်မြောက် တော်ဝင်ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီခွဲက မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်း၊ ၆၂လမ်းနှင့် ၆၆လမ်းကြား အဆိုပါကျောင်း ရွှေအင်းဝ ဗိမ္မာန်တော်တွင် ကျင်းပခဲ့သည်။

 အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဗန်မော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသနှင့် မန္တလေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေသ၀တို့အမှူးပြုသော ပင့်သံဃာတော် ၁၅ ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာန၊ ယဉ်ကျေးမှုဦးစီးဌာနတို့မှ တာဝန် ရှိသူများ ထိုင်းနိုင်ငံကြက်ခြေနီအဖွဲ့အစည်း၏ စီမံကိန်းအထွေထွေ လက်ထောက်အတွင်းရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း H.E Mr. Tej Bunnag ဦးဆောင်သော ဧည့်သည်တော်များ၊ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon –Long နှင့် ဇနီး ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ သာသနာရေးနှင့် လူမှုရေးဆိုင်ရာအဖွဲ့အစည်းများ ဖိတ်ကြားထားသူများ တတ်ရောက် ကြည်ညိုကြသည်။

 အစီအစဉ်အရ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားဖွင့်လှစ်ပြီး ထိုင်းနိုင်ငံတော်ဝင်အိမ်တော် ဗျူရိုအရာရှိက ကထိန်သင်္ကန်းတော်ကို ကိုင်ဆောင်၍ ထိုင်း၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဆုတောင်းကာ ကထိန်သင်္ကန်းနှင့် ကထိန်ဖယောင်းတိုင်တို့အား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းသည်။

 ဆက်လက်၍ ဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဘက်မှ အခမ်းအနားအကြီးအမှူး၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ ဧည့်သည်တော်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်း၊ ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြား အလှူရှင်များလှူဒါန်းသော အလှူငွေ ကျပ်သိန်း ၄၉၀ ကျော်ကို လှူဒါန်းခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိုင်းနိုင်ငံ တော်ဝင်အိမ်တော် ဗျူရိုအရာရှိ ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာ များကို လျောက်ထားခြင်းနှင့် မုဒိတာစကားနှင့် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခြင်းတို့ကို အစီအစဉ်များအတိုင်း ပြုလုပ်ခဲ့ကြသည်။

 ယင်းနောက် ဆင်မင်းကျောင်းဆရာတော် ဟောကြားချီးမြှင့်တော်မူသော အနုမောဒနာတရားတော်များကို ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူ ကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 အဆိုပါအခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံဘက်မှအကြီးအကဲများ တာဝန်ရှိသူများသည် ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ထိုင်းဘုရင်မင်းမြတ်နှင့်မိသားစုတို့၏ တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကြီးကို မြတ်ဗုဒ္ဓ၏အဆုံးအမဒေသနာတော်နှင့်အညီ မြန်မာနိုင်ငံ တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိပြီး ယင်းသည် နှစ်နိုင်ငံပြည်သူတို့၏ နှလုံးသားတွင် ထာဝရပိုမိုခိုင်မြဲသည့် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် လေးစားမှုတို့ ကိန်းအောင်လျက်ရှိသည်ကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။