၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်

 မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးနှင့် 17th Mandalay Medical Conferenceအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက အဆိုပါအသင်း ရတနာပုံခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အသင်းဝင် ဆရာဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး ဆရာဝန်များ၏ အဓိဌာန်ပြု ကတိသစ္စာ ရွတ်ဆိုကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အမှာစကား ပြောကြားရာတွင် “ဒီနေ့ပွဲမှာ ညီအစ်ကိုမောင်နှမများကို ပြန်ဆုံရတာ ကျွန်တော် ဝမ်းသာပီတိဖြစ်ပါတယ်၊ ဆေးပညာလောကသား ဆေးကျောင်းသား ဆရာဝန်တစ်ဦးအနေနဲ့ ကျွန်တော် အမှာစကား ပြောချင်ပါတယ်၊ ကျွန်တော်လည်း ပြည်သူတစ်ဦးပါ၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများ ဆရာဝန်များကလည်း ပြည်သူတွေပါ၊ ဆရာဝန်တစ်ယောက်ဖြစ်လာပြီဆိုရင် လူတိုင်းက အားကျ လေးစားတဲ့စိတ်နဲ့ အရင်တုန်းကတည်းက အကြည့်ခံရပါတယ်၊ အခုလည်းအကြည့်ခံရတုန်းပါပဲ၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကိုက တော်တဲ့သူတွေပဲ ဆေးပညာလိုင်းထဲရောက်ခဲ့ကြတယ်၊ ဘာပဲပြောပြော IQ မြင့်တဲ့သူတွေဖြစ်ပါတယ်၊ IQ မြင့်တဲ့သူတွေက သင်ယူ တက်မြောက်လိုတဲ့ စွမ်းအား သူများတွေထက် မြင့်မားပါတယ်၊ ဆရာဝန်လောက ဆရာဝန်၊ ဆရာမများဆိုရင် IQ မြင့်မားသလို EQ လည်းမြင့်မားပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင်ယူတက်မြောက်စွမ်းအားက ကျွန်တော်တို့က မြန်ပါတယ်၊ ကျွန်တော်တို့ရင်ထဲမှာ စာနာစိတ်ဆိုတာ ကိန်းအောင်းဖို့ပဲလို ပါတယ်၊ ဒီစာနာစိတ်လေးကိန်းအောင်းလိုက်မယ်ဆိုရင် လူသားတွေကို ထိတွေ့တဲ့ အချိန်မှာ ဆက်ဆံရေးအလွယ်တကူနဲ့ အဆင်ပြေမှာဖြစ်ပါတယ်၊ အဓိကကတော့ ကျွန်တော်တို့ EQ မွေးမြူစေချင်ပါတယ်”ဟု ပြောကြားသည်၊

 “ဒါ့အပြင် ဒီမိုကရေစီ ခရီးကြမ်းကို လျှောက်လှမ်းတဲ့အခါမှာလည်း ကျွန်တော်တို့ ဆရာဝန်တွေ ပါခဲ့ပါတယ်၊ ဒီမိုကရေစီလမ်းကြောင်း ရှေ့ဆက် တည့်တည့်မတ်မတ်သွားရအောင်၊ နောက်ပြီး IQ မြင့်မားတဲ့ဆရာဝန်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးသလို ဆရာဝန်အသင်းကြီးတွေရဲ့ အခန်း ကဏ္ဍကလည်း အရေးကြီးပါတယ်၊ ဆရာဝန်အသင်းတွေ ခိုင်မာစေချင်တယ်၊ သန်စွမ်းစေချင်တယ်၊ အသင်းဝင်တွေအများကြီး ဖြစ်စေချင်တယ်၊ ဒီနေ့ အစိုးရရဲ့ ဘတ်ဂျက်တွေ ရရှိမှုကို ပညာရေးနဲ့ ကျန်းမာရေးမှာ အဓိကထား သုံးစွဲနေပါတယ်၊ ဒီဘတ်ဂျက်ကို တိုးပေးတာ ပြည်သူတွေအတွက် တိုးပေး တာပါ။ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှ တိုင်းပြည်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်တာပါ၊ ကျန်းမာကြံ့ခိုင်သန်စွမ်းမှ အလုပ်လုပ်နိုင် တဲ့သူတွေ များလာမှာဖြစ်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူတွေများလာမှ ကုန်ထုတ်လုပ်မှုတွေ တိုးလာမှာဖြစ်တယ်၊ အဲဒီလူတွေကို စောင့်ရှောက်နေတာ ဆရာဝန်တွေဖြစ်တယ်၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ကလည်း အရေးကြီးနေပါတယ်၊ ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီ ရမှာဖြစ်တယ်၊ နိုင်ငံတကာက ဘယ်လိုပဲ ဖိအားတွေပေးပေး နိုင်ငံသူ၊ နိုင်ငံသားတွေက အစိုးရဘက်က မားမားမတ်မတ်ရပ်ခဲ့ကြတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ခဲ့တယ်၊ ဒါဘာလို့ လည်းဆိုရင် ကျွန်တော်တို့ ပြည်သူတွေက ကျွန်တော်တို့ကို ယုံကြည်နေသေးလို့ပါ၊ ဒီယုံကြည်မှုကို ကျွန်တော်တို့ ဆက်ထိန်းရမယ်၊ ပြည်သူတွေကလည်း ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးတည်ဆောက်ချိန်မှာ မားမားမတ်မတ်ရပ်ကြဖို့ လိုပါတယ်၊ ငြိမ်းချမ်းရေးရအောင် လုပ်ပေးကြဖို့ လိုပါ တယ်”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ဥက္ကဌ၊ ပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က အမှာစကားပြောကြားပြီး ကြိုဆိုနေရာချထားရေး ဥက္ကဌ ပါမောက္ခ ဒေါက်တာ သီတာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက ဆေးနှင့် ဆေးပစ္စည်းပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြန်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။