၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

 မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လူငယ်ဘောလုံးပွဲတော်များနှင့် အသက်(၁၄)နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ကြီးတစ်ခုကို ယနေ့တွင် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ MPT-Grossroots Festival, & MPT U-14 Football Tournament(Mandalay Region)ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 ယင်းအခမ်းအနားကို နံနက် ၇ နာရီက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဗထူးကွင်း၌ပြုလုပ်ခဲ့ပြီး  မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ် ဆောင်ရွက်ခြင်းဖြစ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပခြင်းဖြစ်ကာ လူငယ် ဘောလုံးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုတွင်အထူး Pilot Project အနေဖြင့် စတင်အကောင်အထည်ဖော်ဆောင် ရွက်ခြင်းလည်းဖြစ်သည်။

 “နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ ဘောလုံးအားကစားကို နှစ်နှစ်ခြိုက်ခြိုက် အားပေးနေကြတာပါ၊ ကိုယ့်နိုင်ငံအောင်ပွဲအနိုင်ရရှိလို့ နိုင်ငံအလံလွှင့်ထူတဲ့အချိန် ဘောလုံးပွဲမှာတက်ရောက်လာကြတဲ့ပရိတ်သတ်တွေ ပီတိဖြစ်စေတဲ့ ဘောလုံးအားကစားနည်းပါ၊ ဒီအားကစားနည်းဟာ ရသလည်းပေးနိုင်သလို ကြည်နူးမှုလည်းပေးစွမ်းနိုင်ပါတယ်၊ ယခုလိုဒီပွဲမျိုးကို ပူးပေါင်းဆောင်ရွက်ပေးကြသူတွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးဇူးတင်ရှိပါတယ်၊ ဘောလုံးမှာအခြေခံအကျဆုံးက U-14 ပါ၊ လူငယ်လေးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်လာရင် ဘ၀မှာအောင်မြင်မှုလမ်းစကို ရလာမှာပါ၊ မြန်မာနိုင်ငံရဲ့ဘောလုံးလောကတိုးတက်စေဖို့၊ ရွှေရောင်ပြန်လည်လွှမ်းစေဖို့ဒီ System ကြီးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသတွေမှာ လုပ်မယ်လို့သိရပါတယ်၊ ယနေ့ပွဲမှာလာရောက်ပြီး လေ့ကျင့်တဲ့သူတွေရော၊ ပြိုင်ပွဲဝင်ရောက်ကြမယ့် အားကစားသမားတွေပါ တစ်ချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး မြန်မာ့ဂုဏ်ဆောင်ပြီး အာရှမှကမ္ဘာ့အဆင့်ထိကို ဘောလုံးသမားကောင်းတွေဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်ထားစေချင်ပါတယ်၊ ဒါမှတစ်ချိန်မှာ ရွှေရောင်လွှမ်းနိုင်မှာပါ”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌကိုယ်စား အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် MPT Joint Operation Myanmar Brewery Limited တို့မှ တာဝန်ရှိသူတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲအားကွင်းအတွင်းသို့ ဘောလုံးများပြိုင်တူကန်သွင်းပေး၍ ဖွင့်လှစ်ပေးကြပြီးနောက် လူငယ်ဘောလုံးပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေသည့်ကလေးငယ်များနှင့် U-14 ဘောလုံးပြိုင်ပွဲဝင်အသင်းများမှ လူငယ်ကစားသမားများအား  လိုက်လံနှုတ်ဆက်အားပေးကြပြီး ကလေးငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြသည်။ ယင်းနောက် MPT-MFF Grassroots football Festival 2018 Mandalay MPT U-14 အောက်ဘောလုံးပြိုင်ပွဲအတွက် Myanmar Care မှဘောလုံး(၁၀၀)လုံး၊MPTမှ(၂၅၀)လုံးတို့ကို တာဝန်ရှိသူများက ဝန်ကြီးချုပ်ထံသို့ ပေးအပ်လှူဒါန်းကြပြီး MPT လူငယ်ဘောလုံးပွဲတော်ကို အစီအစဉ်များအတိုင်း ပျော်ရွှင်စွာဆင်နွှဲကြကာ ကလေးငယ်များအား အသိအမှတ်ပြုဂုဏ်ပြုလက်မှတ်နှင့် အချိုရည် အစားအသောက် အဟာရများ ပေးအပ်ခဲ့သည်။

 အဆိုပါ MPT U-14 ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့တွင် ဇူလိုင် ၅ ရက်မှ ၁၄ ရက်နေ့အထိ၊ မုံရွာမြို့တွင် ဩဂုတ် ၈ ရက်မှ ၁၇ ရက်နေ့အထိ၊ ပဲခူးမြို့တွင် ဩဂုတ် ၁၅ ရက်မှ ၂၄ ရက်နေ့အထိ၊ မော်လမြိုင်မြို့တွင် စက်တင်ဘာ ၄ ရက်နေ့မှ ၁၃ရက်နေ့အထိ၊ စစ်တွေမြို့တွင် အောက်တိုဘာ ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ ပုသိမ်မြို့တွင် အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ၊ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၈ ရက်မှ ၁၇ ရက်နေ့အထိ၊ တောင်ကြီးမြို့တွင် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ အသင်း(၁၂)သင်းစီတို့ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။