၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

 ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်(A bank) မန္တလေးဘဏ်ခွဲ(၁) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၈၂ လမ်းနှင့် ၈၃လမ်းကြားရှိ အဆိုပါဘဏ်ခွဲတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်အားပေးခဲ့သည်။

 အခမ်းအနားတွင် မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ A bank အစုရှယ်ယာရှင် ဦးစိုင်းကိုကိုအောင်၊ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းတို့က ဘဏ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ A bank ဥက္ကဌ ဦးဇော်ဝင်းရှိန်တို့က ဘဏ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး A bank မှတာဝန်ရှိသူများက မဟာမုနိဘုရားကြီး၊ မန္တလေးတောင်တော်နှင့် ကျောက်တော်ကြီးဘုရား ဘက်စုံမွမ်းမံရေး၊ ဗြဟ္မာစိုရ်လူမှုကူညီရေးအသင်း၊ ထာဝရမန္တလေးဖောင်ဒေးရှင်း၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာအမျိုးသမီးများပရဟိတအဖွဲ့တို့အား အလှူငွေကျပ် ၅ သိန်းစီ ပေးအပ်လှူဒါန်းကြသည်။

 ယနေ့ဖွင့်လှစ်သော မန္တလေးဘဏ်ခွဲ(၁)သည် A bank ၏ (၉)ခုမြောက်ဘဏ်ခွဲဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယခုနှစ် စက်တင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ငွေအပ်နှံသူများအတွက် အထူးဝန်ဆောင်မှုများစီစဉ်ထားကြောင်း၊ ပြည်တွင်းငွေလွှဲလုပ်ငန်းများတွင် ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်တို့ဖြင့် ချိတ်ဆက်ထားကြောင်း၊ နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများဖြစ်သော ငွေလွှဲစာတမ်းဆိုင်ရာ၊ ဘဏ်အာမခံဆိုင်ရာ၊ နိုင်ငံတကာငွေလွှဲဆိုင်ရာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာအခြားဝန်ဆောင်မှုများကို ပြုလုပ်ပေးလျက်ရှိသည်။