၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

 မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှ အီလက်ထရောနစ်အားကစားပြိုင်ပွဲ Cosply (Mandalay Universities Dota 2 Tournament –MUDT) ကို အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မန္တလေးမြို့၊ ၆၆လမ်း၊ ၂၃လမ်းနှင့် ၂၄လမ်းကြားရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်သည်။

 ပြိုင်ပွဲအတွက် တက္ကသိုလ် ၁၆ ခုမှ လက်ရွေးစင်များရွေးချယ်ခဲ့ပြီး ပြိုင်ပွဲရက်များတွင် တက္ကသိုလ်ကောလိပ် ကိုယ်စားပြုအသင်းများ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှ ဂိမ်းစိတ်ဝင်စားသည့် ပြိုင်ပွဲဝင်လူငယ်များအတွက် နိုင်ငံတကာပြိုင်ပွဲများအထိ ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။

 “အဓိကကတော့ ဂိမ်းနဲ့ပတ်သက်ပြီး လူကြီးတွေရဲ့အမြင်ကို ကျွန်တော်တို့လူငယ်တွေ ပြောင်းပေးချင်တာပါ၊ နိုင်ငံတကာကလည်း Sport တစ်ခုအနေနဲ့ သတ်မှတ်တယ်၊ Electronic Sport ပေါ့၊ ဘောလုံးပေါင်းထားတဲ့ ဂိမ်းလို့တင်စားပြောလို့ရတယ်၊ ဦးနှောက်ရော၊ အားရောစိုက်ပြီးဆော့ရတဲ့ ဂိမ်းတစ်မျိုးပေါ့၊ ဂိမ်းကစားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ခင်မင်ရင်းနှီးမှုလည်း ပိုရလာမယ်၊ ပြိုင်ပွဲကာလအတွင်း Gamer တွေအတွက် Gaming နဲ့ပတ်သက်တဲ့ PC RIG Gaming Laptop Gaming Monitors Gaming Accessories:&Gears တွေကို ရွေးချယ်စရာ Brand အစုံအလင်နဲ့ ရောင်းချပေးမဲ့အစီအစဉ်တွေ လည်း ထည့်ထားပါတယ်”ဟု ပူးပေါင်းပါဝင်သူတစ်ဦးကပြောသည်။

 ပြိုင်ပွဲကို Speed Gaming ၏ Nomad’s Data Hub က ပူးပေါင်း၍ Dota 2 နှင့် ပတ်သက်သည့် ဝတ်စားဆင်ယင်မှုပြိုင်ပွဲ၊ ဂိမ်းနှင့်ပတ်သက်သည့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများပါဝင်ကာ နံနက် ၉ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၅ သိန်းအပြင် အောက်ဆုံးအဆင့်အသင်းများကိုလည်း ဆုငွေကျပ် ၁ သိန်းခွဲမှ ၂ သိန်းခွဲအထိ ချီးမြှင့်မည်ဖြစ်သည်။