၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်

 ၂၀၁၉ ခုနှစ်၊ ကိုးကန့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၆၂ လမ်းနှင့် ၆၃လမ်း အကြားရှိ ဗုဒ္ဓဘာသာကိုးကန့်ဓမ္မရုံတွင် ကျင်းပရာ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြသည်။

 အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ ကိုးကန့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်ကို တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က နူတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစု (၁၃၀)ကျော်ဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပွဲတော်များကျင်းပနိုင်ခြင်းသည် တိုင်းရင်းသားလူမျိုးစုများအချင်းချင်း စည်လုံးညီညွတ်ပြီး တည်ငြိမ် အေးချမ်းမှုအကျိုးကို ခံစားရမှာဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။         

 ဆက်လက်၍ ဝန်ကြီးချုပ်က နှုတ်ခွန်ဆက်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် အေးအတူ၊ပူအမျှ နေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ နှစ်သစ်ကူးပွဲတော်များသည် ပြည်ထောင်စုပွဲတော်အဖြစ် ပြောကြား၍ရပါကြောင်း၊ သုံးနှစ်တာကာလတွင် ကျွန်တော်တို့ အချင်းချင်းပိုမို၍ သွေးစည်းညီညွတ် လာသည်ဟုလည်းခံစားမိပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားပြီး ချစ်ခင်ရင်းနှီးမှုနှင့်နွေးထွေးစွာ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုပွဲများကိုဆင်နွှဲလျှက်ရှိပါကြောင်း၊ ယခုကဲ့သို့နှစ်သစ်ကူးညတွင် မိမိတို့တိုင်းရင်းသားညီအကို မောင်နှမများနှင့်အတူမကြာခဏဆုံတွေ့ရခြင်းသည် မိမိတို့တည်ဆောက်မည့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအတွက် အလွန်အားတက်ဖွယ်ရာစုစည်းမှုဟုယုံကြည်မိပါကြောင်း။

ယခုကဲ့သို့ တိုင်းရင်းသားညီအကိုမောင်နှမများအချင်းချင်းတစ်ဦးကိုတစ်ဦးအပြန်အလှန်လေးစားတိုင်ပင် နှီးနှောကာမိမိတို့နိုင်ငံအတွက်၊ ပြည်ထောင်စုကြီး အတွက်၊တိုင်းရင်းသားညီအကိုမောင်နှမများအတွက် လွတ်လပ်ရေးကို ထိမ်းသိမ်းကာကွယ်ရန်တာဝန်ရှိပါကြောင်း၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန် နှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲရန်အတွက်လည်းမိမိတို့တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးတာဝန်ရှိပါကြောင်း။

 တစ်နိုင်ငံလုံးတွင်ရှိသော တိုင်းရင်းသားညီအကိုမောင်နှမများ ပြည်ထောင်စုစိတ်ဓါတ်ကိုရင်ထဲမှာစွဲမြဲအောင် ထားမည်ဆိုလျှင် မိမိတို့မျှော်မှန်းသည့်၊ မိမိတို့ အားလုံးပြိုင်တူတက်လှမ်းနေသည့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး မလွှဲမသွေရရှိလိမ့်မည်ဟုယုံကြည်ပါကြောင်း၊ ကိုးကန့်တိုင်းရင်းသား နှစ်သစ်ကူးတွင် တိုင်းရင်းသားညီအကိုမောင်နှမများနှင့်အတူ မိမိတို့နိုင်ငံကြီးငြိမ်းချမ်းဖို့၊ သာယာဝပြောဖို့၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အရောက် လှမ်းနိုင်ရန် သံဓိဋ္ဌာန်ခိုင်ခိုင်မာမာချပြီး ဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါကြောင်း အကျယ်တဝင့် ပြောကြားခဲ့သည်။

 ဆက်လက်၍ ကိုးကန့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီ၊ ကိုးကန့်တိုင်းရင်းသား ဂုဏ်ထူးဆောင်နာယက ဦးအောင်ဝင်းခိုင်က ကိုးကန့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်နှင့်ပါတ်သက်၍ ရှင်းလင်းကာ ကျေးဇူးတင်စကားပြောကြားပြီးနောက် ကိုးကန့်တိုင်းရင်းသားမိသားစုတို့က ကြွရောက်လာကြသော ဧည်သည်တော်များအား နှစ်သစ်ကူးဂုဏ်ပြုညစားစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ အထူးဖိတ်ကြားထားသည့် ဧည်သည်တော်များနှင့် တက်ရောက်ကြသူများသည် ကိုးကန့်တိုင်းရင်းသားရိုးရာ (တာကော)အက၊ ဖိတ်ကြားထားသည့် တိုင်းရင်းသားလူမျိုးစုများ အဖွဲ့ဖြစ်သည့် (ဗမာ၊ကိုးကန့်၊ရှမ်း၊ မွန်၊ကယန်း၊တအောင်း၊နာဂ၊ကရင်၊ချင်း၊အင်းသား၊ရခိုင်၊ရှမ်းနီ၊ကချင်၊ပအိုဝ်း၊ဓနု၊လီဆူ)စသည့် တိုင်းရင်းသားရိုးရာအက၊ အလှတို့ဖြင့် သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှု့အားပေးကြသည်။ ယင်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားရိုးရာအကအဖွဲ့များသည် ကိုးကန့်တိုင်းရင်းသားရိုးရာ (တာကော) အကဖြင့် စုပေါင်း၍ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကပြဖျော်ဖြေကြပြီး ကိုးကန့်တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။