၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ ရက်နေ့

 မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်း ရွှေမန်းကျောင်းဆောင် ဖွင့်ပွဲနှင့် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အားပေး၍ မုဒိတာစကားပြောကြားခဲ့သည်။

ကျောင်းဆောင်သစ်အဆောက်အအုံအား ၀န်ကြီးချုပ်နှင့်လွှတ်တော် ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 အခမ်းအနားတွင် ၀န်ကြီးချုပ်က "အခြေခံပညာ အရေးကြီးဆုံးပါ၊ အခြေခံပညာ မဖွံ့ဖြိုးဘဲနဲ့ အဆင့်မြင့်ပညာမဖွံ့ဖြိုးနိုင်ပါဘူး၊ ဒီမိုကရေစီ အုတ်မြစ်ကြီး ခိုင်ခံ့ဖို့ဆိုတာ အခြေခံပညာတွေ ခိုင်ခံ့ဖို့ လိုပါတယ်၊ ဖွံ့ဖြိုးတိုးတက်သွားတဲ့ နိုင်ငံတွေကို ကြည့်လိုက်တယ် ဆိုရင် အားလုံးဟာ ပညာကို အခြေခံ ပြီး တိုင်းပြည်ကို တည်ဆောက်ကြတာ ဖြစ်ပါတယ်၊ ဘတ်ဂျက်တွေကို ကျွန်တော်တို့ သုံးစွဲရတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်တဲ့အခါ မလုံလောက်ပါဘူး အဲ့လိုမလုံလောက်တဲ့အခါမှာ ဘယ်သူတွေက ကျွန်တော်တို့ကို ဖြည့်ဆည်းပေးသလဲ ဆိုလို့ယှဉ်ရင် စေတနာရှင်တွေ ပြည်သူတွေက ဖြည့်ဆည်းကြပါတယ်၊ ကျောင်းဆောင်သစ်တွေ ဆောက်ပေးကြပါတယ်။

အမှတ် (၂၉) မူလတန်းကျောင်းလေး နေရာသစ်နဲ့ ဒီလိုခမ်းခမ်းနားနား တွေ့ရတာ ပြည်သူတွေရဲ့ အောင်မြင်မှုပါ၊ ပြည်သူတွေကြိုးပမ်းကြလို့ ဒီနေမှာ ကလေးတွေ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ ပညာသင်ကြားခွင့်ရတာ မိဘတွေအားလုံး အတွက်တော့ ဒါဟာ ကျေနပ်စရာပါပဲ၊ ဒီကျောင်းလေး ဖွံ့ဖြိုးတိုးတက်အောင် အာလုံးဆက်ပြီး ကြိုးပမ်းစေချင်ပါတယ်" ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 အဆိုပါကျောင်းဆောင်သစ်သည် အလျား ၁၄၀ ပေ၊ အနံ ၃၀ပေ၊ အာစီ နှစ်ထပ် ဖြစ်ပြီး ပညာရေးဌာနမှ ငွေကျပ် ၁၆၈၀ သိန်းဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အုတ်တံတိုင်း အကာအရံအတွက် တိုင်းဒေသကြီး အစိုးရအဖွဲက ရန်ပုံငွေမှ ငွေကျပ်သိန်း ၂၇၄ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေခြင်း၊ ပညာရေးတေးသီချင်းများသီဆိုခြင်းများဖြင့် အခမ်းအနားတက်ရောက်လာသူများကို ဧည့်ခံကြကာ တာဝန်ရှိသူများက ပညာရည်ချွန်ကျောင်းသားကျောင်းသူများကို ချီးမြှင့်ခဲ့သည်။

 အမှတ် (၂၉)အခြေခံပညာ မူလတန်းကျောင်းအား ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့တွင် ကျောင်းသားကျောင်းသူ ၃၀၀ ကျော် ပညာ ဆည်းပူးလျက်ရှိသည်။