၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ ရက်

 လမ်းများကောင်းမွန်လာသဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွှတ်လာသကဲ့သို့ ရပ်ကွက်များတွင် သန့်သန့်ရှင်းရှင်းဖြစ်စေရန် အမှိုက်ကို စနစ်တကျစွန့်ပစ်ကြဖို့လိုကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။

ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ခဲ့သည့် ကွန်ကရိလမ်းနှင့် ရေမြောင်းဖွင့်လှစ်ခြင်းအခမ်းအနားတွင် ရပ်ကွက်ပြည်သူများအား ယင်းသို့ပြောကြား ခြင်းဖြစ်သည်။

 "လမ်းတို့တံတားတို့ သောက်သုံးရေရရှိရေးတို့ လျှပ်စစ်မီးတို့ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရ ရင်အစိုးရ ရဲ့တာဝန်ပါ။ ဒါပေမဲ့တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လိုက်ရင် အားလုံးကိုလုပ်ပေးဖို့ ဘတ်ဂျက် အကန့်အသတ်ရှိပါတယ်။ ဘာပဲပြောပြောသူ့အိုးနဲ့သူ့ဆန်တန်ရုံတော့ ဆောင်ရွက်ပေး နိုင်ပါတယ်။ ပြည်သူလူထုအတွက် လမ်းတို့၊ တံတားတို့က အရေးကြီးပါတယ်။ ခုလိုလွှတ်တော် ရန်ပုံငွေရော ပြည်သူတွေထည့်ဝင်ငွေရော ပါဝင်တာကြောင့် အရမ်းလဲဝမ်းသာပါတယ်။ လမ်းပါကောင်း သွားတော့ မြို့အင်္ဂါရပ်နဲ့ညီသွားတာပေါ့။ တစ်ခုပဲမေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေအမှိုက် ပစ်တဲ့ အခါ အရင်က ထက်ပိုပြီးစနစ်တကျလေးရှိဖို့ လိုပါတယ်။ ရပ်ကွက်တွေမှာသန့်သန့် ရှင်းရှင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အမှိုက်သိမ်းတဲ့စနစ်ကိုလည်း မြို့တော်စည်ပင်ကကောင်းကောင်းလုပ်နေပါတယ်။ အမှိုက်စွန့်ပစ်တဲ့ပြည်သူတွေကလည်း စနစ်တကျစည်းကမ်းတကျစွန့်ပစ်ကြရမယ်"ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

 အဆိုပါလမ်းသည် စိတ္တရမဟီရပ်ကွက်ရှိ ၀ယ်စလီဝင်းလမ်းဖြစ်ပြီး လမ်းအရှည် ပေ ၄၀၀၊ အကျယ် ၁၆ ပေရှိသည့် ကွန်ကရစ်လမ်းဖြစ်ပြီး ရေနုတ်မြောင်းမှာလည်း ယင်းလမ်းဘေးတွင် ဆောင်ရွက်ခြင်းဖြစ်သည်။ ၄င်းအား လွှတ်တော်ရန်ပုံငွေကျပ် သိန်း ၅၀၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၉၃ သိန်း ကျခံကာ ဆောင်ရွက်ပြီးစီးခြင်းဖြစ်သည်။

 လမ်းသစ်အား တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မြို့တော်ဝန်နှင့် လွှတ်တော်ကိုယ်စားလှယ် များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းတစ်လျောက်လိုက်လံကြည့်ရှုခဲ့သည်။

 ထို့နောက် လမ်းဖြစ်မြောက်ရေး ကော်မတီနာယက သိက္ခာတော်ရဆရာတော် ဒေါက်တာ ဇော်ဝင်းအောင်က ကျေးဇူးတင် ၀မ်းမြောက်စကားပြန် လည်ပြောကြားခဲ့သည်။

 လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစိုးရအဖွဲ့ဝင် ၀န်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ကြသည်။