၂ဝ၁၉ ဇူလိုင်လ ၉ ရက်

 ရှေးမြန်မာမင်းအဆက်ဆက်တို့ ကိုးကွယ်ပူဇော်တော်မူခဲ့သော မြန်မာပြည်အရပ်ရပ်မှ ဆင်းတုတော် များအား နန်းမြို့အတွင်းမှ ရွှေကျီးမြင်မြတ်စွာဘုရား လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ပူဇော်ခြင်း နှစ်(၁၃၀)ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊လေးပြင်လေးရပ်မှ ဘုရားအမှူးရှိသောသံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့်သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နက်နက် ၅ နာရီက အဆိုပါ ဘုရား တွင်ကျင်းပသည်။

 အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ အမရပူရမဟာဂန္ဓာရုံကျောင်းဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသာဘိဝံသနှင့် မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် လွှတ်တော် ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့နှင့် အလှူရှင်မိသားစုများတက်ရောက်ကြသည်။

 ရှေးဦးစွာ ပင့်ဃာတော်များအား ကုသိုလ်ရှင်များက ရွှေကျီးနားဓမ္မာရုံတွင် အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး ရွှေကျီးမြင်မြတ်စွာဘုရုားလှိုဏ်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ ကျင်းပသည်။ ထို့နောက် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးတိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ (သုဓမ္မာ) အကျိုးတော်ဆောင် မိုးကောင်းကျောင်းတိုက် ရတနာသိဂီ င်္ ဒိုက်ဦးကျောင်းဆရာတော် အဂ္ဂမဟာပဏိတ ဘဒ္ဒန္တဇောတိကာဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ဟောကြားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 ယင်းနောက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝသ ဟောကြားချီးမြှင့်တော်မူသော ရေစက်ချအနုမောဒနာတရားတော်များ နာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနာကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 ထို့နောက် ဘုရားအမှူးရှိသော ပင့်သံဃာတော်(၁၃၁)ပါးတို့အား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ အလှူရှင်မိသားစုများက ဆွမ်းဆန်းစိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကိုလောင်းလှူ ပူဇော်ခဲ့ကြသည်။

 ရွှေကျီးမြင်မြတ်စွာဘုရားလိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပယ်တော်မူသော စိန်ဘုရား၊ မြဘုရား၊ အညာသီဟတောဘုရား၊ ရွှေလင်းပင်ဘုရား၊ ရွှေကွန်အုပ်ဘုရား အစရှိသည့် ရှေးမြန်မာမင်းအဆက်ဆက်တို့ ကိုးကွယ်ပူဇော်တော်မူခဲ့သော မြန်မာပြည်အရပ်ရပ်မှ ဆင်းတုတော်များအား မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်၊ ဝါဆိုလဆန်း(၄)ရက်နေ့တွင် နန်းမြို့အတွင်းမှ ရွှေကျီးမြင်မြတ်စွာဘုရားလိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြရာ ယနေ့ကာလတွင် နှစ်(၁၃၀)ပြည့် မြောက်ပြီဖြစ်သည်။