၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်

 ကြက်ဥ၊ ကြက်သားစားသုံးခြင်းသည် ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ဆက်စပ်မှုမရှိကြောင်း အသိပညာပေးဟောပြောပွဲကို မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

 ကြက်ဥ၊ ကြက်သားစားသုံးခြင်းသည် ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ဆက်စပ်မှုမရှိကြောင်း အသိပညာပေးဟောပြောပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကောင်းမြတ်ဟိန်းက ရာသီတုပ်ကွေးရောဂါ (H1N1)အကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လက်ထောက်သုတေသနအရာရှိ (ငြိမ်း)ဒေါက်တာသက်ခိုင်(Winrock International Project)မန်နေဂျာ (စာရေးဆရာခိုင်ကြည်သစ်)က ကြက်ဥ၊ ကြက်သားစားသုံးခြင်းသည် ရာသီတုပ်ကွေးရောဂါ (H1N1)မဖြစ်ပွားကြောင်း၊ ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့ပေါက်ဖွားပုံများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားကာ တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားသည်။

 ထို့နောက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မြင်းခြံခရိုင်)ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်ဖုန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 အသိပညာပေးဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြပြီး တက်ရောက်လာကြသူများအား ကြက်ဥ၊ ကြက်သားကြော် များဖြင့် ဧည့်ခံကျွေးမွေးကြသည်။