၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်

 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(မန္တလေး)သို့ အလှူရှင် Mr.Sadaaki Tachiki, Chairman,Kyoshin Co.,Ltd,Kyoto Japan မှ (၂၁)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ နံနက် ၉ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲရှိ နားမကြားသောကလေးများကျောင်း(မန္တလေး)ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားသည်။

 အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဂျပန်နိုင်ငံမှ အလှူရှင်နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ နားမကြားသော ကလေးများကျောင်း(မန္တလေး)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသား ကလေးငယ်များ၊ မိသားစုဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။

 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးနိုင်အောင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့်Kyoshin Co.,Ltd ၏ အလှူဟာ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဖြူစင်သောစိတ်ထားအရင်းခံပြီး နားမကြားသော ကလေးများအတွက် မြင့်မြတ်သော အလှူဒါန တစ်ခုပင်ဖြစ်ပါကြောင်း၊ ယနေ့လှူဒါန်းသည့်အလှူငွေကိုလည်း နားမကြားကလေးများ အရည်အသွေးပြည့်မီတဲ့ ပညာသင်ကြားခွင့်ရရှိနိုင်ရန်နဲ့ နားမကြားသူများရဲ့ ဘာသာစကားဖြစ်တဲ့လက်သင်္ကေတပြ ဘာသာစကားဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး လိုအပ်နေသေးသည် ကွန်ပျူ တာ၊ Projector၊ Copier၊ Video Camera၊ EVD Player၊ TV ၊ စာသင်စားပွဲ၊ ထိုင်ခုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် စက်ပစ္စည်းတွေ ပြင်ဆင်နိုင်ဖို့အတွက် အသုံးပြုသွားမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဟာ အဓိကကျတဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ယခုကဲ့သို့ မသန်စွမ်းသူများ၏ အရေးကိစ္စကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အကြားအာရုံချို့တဲ့သူများအတွက် အင်ပြည့် အားပြည့်(၂၁)ကြိမ် တိုင်တိုင် လှူဒါန်း ချီးမြှင့်ပါသော ဂျပန်နိုင်ငံ တိုကျိုမြို့မှ Kyoshin Co.,Ltd. ဥက္ကဌ Mr.Sadaaki Tachiki နဲ့ တာဝန်ရှိသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားသည်။

 ထို့နောက် အလှူရှင်က အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အလှူငွေအမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးဂုဏ်ပြုလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်၍ နားမကြားကလေးများ ကျောင်း (မန္တလေး)မှ သင်တန်းသူ၊ သင်တန်းသားကလေးများက အကပဒေသာများဖြင့် တင်ဆက် ကပြဖျော်ဖြေကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများ၊ ကလေးငယ်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။