၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်

 ရမည်းသင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် ကျင်းပသည်။

 အခမ်းအနားသို့ ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁)၊ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး ဝင်းညွန့်က လူကုန်ကူးမှုတားဆီးခြင်းဆိုင်ရာ သတိပြုရမည့် အချက်များနှင့် လူကုန်ကူးမှုပြစ်ဒဏ်များကို ပရိုဂျက်တာဖြင့် အသိပညာပေးရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 ထို့နောက် ရမည်းသင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သည် ရမည်းသင်းမြို့နယ်အတွင်းမှ လူစည်ကားသည့် ကားဂိတ်၊ မြို့မဈေးနှင့် စာသင်ကျောင်းများအနီးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးပိုစတာများ စိုက်ထူခဲ့ကြသည်။