၂၀၁၇ခုနှစ်၊ ဇူလိုင် ၂၇ရက်

 ၂၀၁၇ခုနှစ်၊ ဇူလိုင် ၂၇ရက်နေ့ (၂၃၃၀)အချိန် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စုမှ အဖွဲ့၊ မြို့မရဲစခန်း(သာစည်) မှ ဒုရဲအုပ် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ မီးရထားသံလမ်း အနီး၊ တောင်ကြီး-မီတ္ထီလာ ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး ရှောင်တခင် ပိတ်ဆို့ ရှာဖွေရေး ဆောင်ရွက်နေစဉ် တောင်ကြီးမှ မိတ္ထီလာဘက်သို့ ဦးအောင်သန်းဦး မောင်းနှင်လာသော အောင်စစ်ခိုင် ခရီးသည်တင် မှန်လုံယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် ၁ နှင့် ၂ တွင် တစ်ဦးတည်း စီးနင်းလိုက်ပါလာသူ မိခိုင်(ခ)မိမိခိုင်(မ)၏ ထိုင်ခုံအောက် ၎င်းပိုင် သော့ခတ်လျှက်ဘီးတပ် ခရီးဆောင်အိတ် (၂) အိတ်အတွင်းမှ  WY စာတမ်းပါလိမ္မော်ရောင်စိတ်ကြွဆေးပြား (၁၂၉၈၀၀) ပြား၊ အလေးချိန် (၁၂.၉၈) ကီလိုဂရမ်(ကာလတန်ဖိုး တစ်ပြားလျှင် ၅၀၀ဝိ/-ကျပ်နှုန်းဖြင့် ၆၄၉၀ သိန်း)၊ ထိုင်ခုံ(၂)ပေါ်ရှိ ၎င်းပိုင် လွယ်ကြိုးပါ သားရေအိတ်အတွင်းမှ ဒေါ်မိမိခိုင်အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ် (၁) ခု၊ ယာဉ်မောင်း လိုင်စင် (၁) ခု၊ မြန်မာငွေစက္ကူ (၁၆၀၀၀ဝိ/-) ကျပ်၊ လက်ကိုင်ဖုန်း (၂) လုံး၊ သော့တံ (၆) ချောင်း တို့အားတွေ့ရှိခဲ့ပါသည်။

 တရားခံ မိခိုင်(ခ)မိမိခိုင်(မ)သည် ကရင်ပြည်နယ်၊ ဘားအံမြို့ဇာတိဖြစ်ပြီး၊ ၁၉၉၆ ခုနှစ်ခန့်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အဒေါ်ဖြစ်သူထံ၌ သွားရောက်နေထိုင်ခဲ့ကာ၊၂၀၁၅ နှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ မနန်းမှ တဆင့် ၎င်း၏အစ်မဝမ်းကွဲတော်စပ်သူ မမေရီစိုး(ခ)မအေးနှင့်ရင်းနှီးခဲ့ကြောင်း၊ မအေးသည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုယန်းကျေးရွာတွင် နေထိုင်ပြီး ဖုန်းအဆက်အသွယ်ရှိခဲ့ကြကြောင်း မအေးမှ စိတ်ကြွဆေးပြားများကို ဘားအံမြို့သို့ သယ်ဆောင်ပေးရန် ဆက်သွယ်လာ၍ ဇူလိုင်လ ၂၆ ရက် နေ့ ၁၉၀၀အချိန် ရွှေလွန်းပျံ မှန်လုံယာဉ်ဖြင့် ဘားအံမှ တောင်ကြီးသို့၊ ထိုမှ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုယန်းကျေးရွာရှိ မအေးထံသို့ သွားရောက် ခဲ့ကြောင်း၊ မအေးနှင့်တွေ့ဆုံပြီး ယခု ဖမ်းဆီးခံရသည့်စိတ်ကြွဆေးပြားများအားယူဆောင်ကာ  တောင်ကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့်လည်းကောင်း၊ တောင်ကြီးမှ ဘားအံသို့ ဇူလိုင် ၂၇ရက် ၁၈၀၀ အချိန် အောင်စစ်ခိုင် မှန်လုံယာဉ်ဖြင့်ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဘားအံသို့ရောက်လျှင် မအေး ထံသို့ ဖုန်းဆက်သွယ်ရမည်ဖြစ်ပြီး၊ ဆေးပြားများအား မအေး ခိုင်းစေသည့်သူမှ သယ်ဆောင်ခ ငွေကျပ် (၁၇)သိန်းပေးကာ လာယူမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 သို့ဖြစ်၍ မူးယစ်ဆေးဝါးများဖြင့် လက်ဝယ်တွေ့ရှိသူ မိခိုင်(ခ)မိမိခိုင်(မ)၊ (၄၁) နှစ်၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့နှင့် မေရီစိုး(ခ)မအေး(မ)၊ အသက် (၃၅) နှစ်ခန့်၊ ဟိုယန်းကျေးရွာ၊ နမ့်စန်မြို့နယ်၊ လွိုင်လင်ခရိုင်နေသူတို့ (၂) ဦးအား မြို့မရဲစခန်း(သာစည်)၊ မယ(ပ) ၁၄/၁၇၊  မူး/ စိတ် ပုဒ်မ ၁၅/၁၉(က) /၂၀(က)/၂၁ ဖြင့် ဇူလိုင်လ၂၈ရက် နေ့တွင် အမှုဖွင့်ထားရှိခဲ့သည်။