၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

 မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲက သက်သေများနှင့်အတူ မူးယစ်သတင်းအရ မဟာအောင်မြေ မြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်ရှိ ဟိုတယ်အားဝင်ရောက်ရှာဖွေရာ ထွန်းထွန်း (၄၂)နှစ်၊ ရွှေမှိုက်စုရပ်၊ ချမ်းမြသာစည်မြို့နယ်နှင့် မအေးအေးစိုး (၂၀)နှစ်၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူတို့ကို တွေ့ရှိပြီး ကြမ်းပြင်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း၊ စားပွဲပေါ်မှလက်ကိုင်ဖုန်းလေးလုံးတို့အားလည်းကောင်း၊ ဥာဏ်လင်းအောင် (၃၁)နှစ်၊ သံလျက်မှော်အရှေ့ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နှင့် သီဟကို (၃၉)နှစ်၊ ၂၇လမ်း၊ ၈၃လမ်းနှင့် ၈၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူတို့ကိုတွေ့ရှိပြီး ဥာဏ်လင်းအောင်ဝတ်ဆင်သည့် ခါးပုံစ အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြား၊ အအေးစုပ်ပိုက်အတွင်း ထည့်ထားသည့် ICE အလေးချိန် (၀ ဒသမ ၂) ဂရမ်ခန့်၊ စားပွဲပေါ်မှ ကော်ဖီမစ်အိတ်များဖြင့်ထည်းထားသော 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၊ ဗီရိုပေါ်မှ ကော်ဖီမစ်အိတ်ဖြင့်ထုပ်လျက် ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသော 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂၈ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်း သုံးလုံးတို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်၍ ၎င်းတို့ကို စစ်မေးရာ ထွန်းထွန်းက ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ကျောင်းတိုက်အပေါ်ထပ် စတိုခန်း ကြောင်အိမ်အောက်ထပ်မှ ထမင်းပေါင်းအိုးအတွင်း မုန့်ကြွပ်အိတ်ခွံဖြင့်ထည့်လျက် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ဝှက်ထား၊ သိမ်းထားသော 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ အား လိုက်လံပြသသိမ်းဆည်းရမိသဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၂၃၈ ပြား၊ အလေးချိန် ၃၂၃ ဒသမ ၈ ဂရမ် (ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၆၁၉၀၀၀၀ နှင့် ICE အလေးချိန် (၀ ဒသမ ၂) ဂရမ် (တန်ဖိုးငွေကျပ် ၄၀၀၀)အား သိမ်းဆည်းရမိသဖြင့် မဟာအောင်မြေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားသည်။