၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

 ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ အတတ်သင်ကျောင်း အမှုစစ် (အရာရှိ)သင်တန်းအမှတ်စဉ် (၆၃/၂၀၁၈)သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရဲအရာရှိ အတတ်သင်ကျောင်း သင်တန်းခန်းမတွင် ကျင်းပသည်။

 သင်တန်းဖွင့်ပွဲသို့ ရဲအရာရှိ အတတ်သင်ကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး လူလူသန်း တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးသည်။

 အဆိုပါ သင်တန်းအား ၅.၂.၂၀၁၈ ရက်မှ ၅.၄.၂၀၁၈ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် တိုင်းဒေသကြီးပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ခွဲများမှ ဒုရဲအုပ် ၂၀၂ ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် ရဲတပ်ဖွဲ့လုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ပြီး မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြေပြစ်ချေငံစွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် ခေါင်းဆောင်မှု ပြည့်မီအောင် လေ့ကျင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။