၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်

 မန္တလေး-လားရှိုးလမ်းပေါ်ရှိ ပုသိမ်ကြီးမြို့နယ် အုန်းချော-ရွှေစာရံ လမ်းဆုံ၌ ယာဉ်ကြောရှုပ်ထွေးမှုများကြောင့် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ် လျက်ရှိသည့်အတွက် အဆိုပါ လမ်းဆုံ၌ ယာဉ်အချက်ပြ မီးပွိုင်စနစ်တစ်ခု တပ်ဆင်ပေးရန် လိုအပ်လျက်ရှိသည်။

 အဆိုပါ လမ်းဆုံသည် ရွှေစာရံယဉ်ကျေးမှုတက္ကသိုလ်၊ အုန်းချော ဈေးနှင့် အုန်းချော အ.ထ.က လမ်းဆုံတွင် တည်ရှိသောကြောင့် နံနက်ပိုင်းတွင် ကျောင်းသွား၊ ကျောင်းပြန်၊ အလုပ်သွား၊ အလုပ်ပြန်နှင့် ဈေးသွား၊ ဈေးပြန်ချိန်များတွင် ယာဉ်ကြောရှုပ်ထွေးမှု ပိုများကြောင်း ဒေသခံများထံမှ သိရသည်။

 “ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မန္တလေးမြို့ရဲ့ အဓိက ကုန်သွယ်လမ်းမကြီးလည်းဖြစ်တယ်။ ဆိုင်ကယ်၊ အိမ်စီးကား၊ ကုန်ကား၊ ကျောက်ကား၊ ထော်လာဂျီ တွေကလည်း အရှိန်ပြင်းနဲ့ မောင်းနှင်နေကြတော့ မကြာခဏ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေဖြစ်နေပါတယ်။ ရွှေစာရံလမ်းနဲ့ ဆုံတဲ့နေရာဖြစ်တော့ အသွားအလာ ယာဉ်တွေ၊ လမ်းဖြတ်ကူးတဲ့ယာဉ်တွေ ပိုများတယ်။ မီးပွိုင့် တပ်ဆင်လိုက်မယ်ဆိုရင် အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာပါ။ အခုက တစ်ဘက်နဲ့ တစ်ဘက် ယာဉ်ကြော လုမောင်းနေရသလိုဖြစ်နေတယ်။ အခါကြီး ရက်ကြီးတွေဆို ပိုပြီးဆိုးပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြသည်။

 အဆိုပါ မန္တလေး-လားရှိုးလမ်းပေါ်တွင် နေ့စဉ် ယာဉ်အစီးရေ ၁၀၀၀၀ ကျော် ဖြတ်သန်းသွားလာလျက်ရှိပြီး ကျောက်ထုတ်လုပ်ရေးစခန်းများ ရှိသော ကြောင့် ကျောက်သယ်ယာဉ်များ၊ ထော်လာဂျီများလည်း နေ့စဉ်ဖြတ်သန်းသွားလာမှုများပြားလာသဖြင့် ပုသိမ်ကြီးမြို့နယ် အမှတ် (၈၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှလည်း ယာဉ်ကြော ရှင်းလင်းမှုများ နေ့စဉ် ပြုလုပ်ပေးလျက်ရှိပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဟောပြောပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။