၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်

 မန္တလေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်အနောက်ပိုင်းနှင့် ဆိုင်ကယ်စီးဦးထုပ်နောက်တွင် ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ပေးဝေပေးခြင်းများကို စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီက ၇၈ လမ်း၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြသာစည်လေဆိပ်(ဟောင်း) ဆိုင်ကယ်သွားလမ်းပေါ်တွင် ပြုလုပ်သည်။

 မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ခင်စပယ်ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး၊ အမှတ်(၁၄)ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှ ရဲမှူးမြင့်အောင် ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ဘီးလှိမ့်ခွန် ကောက်ခံရေးအဖွဲ့ တာဝန်ခံဦးဆောင်သော အဖွဲ့ဝင်ငါးဦးတို့က ရောင်ပြန်စတစ်ကာများကပ်ပေး၍ ပညာပေးလက်ကမ်းစာစောင်များပေးဝေကြသည်။

 “လူ့အသက်တန်ဖိုးကြီးပါတယ်။ ပြည်သူတွေအတွက် အသက်စည်းစိမ်ဥစ္စာတွေကို ကာကွယ်တဲ့အနေနဲ့ ကညနအနေနဲ့ ရည်မှန်းချက်တာဝန် Road Safety ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ ရောင်ပြန်ကပ်ခြင်းဖြစ်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေလိုက်နာပေးပါ။ ဆိုင်ကယ် စီးတဲ့အခါမှာ လိုက်နာရမယ့် သတ်မှတ်စည်းကမ်းချက်တွေရှိတယ်။ အဲဒါတွေကို လိုက်နာသွားမယ်ဆိုရင် ပြည်သူတွေလည်းစည်းကမ်းရှိပြီး နိုင်ငံအတွက်လည်း ကောင်းမွန်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ခင်စပယ်က ပြောသည်။

 မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆိုင်ကယ်တိုက်မှုပေါင်း ၄၈ ဒသမ ၃၈ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေခြင်းကြောင့် မော်တော်ဆိုင်ကယ်များ ညဖက်သွားလာတဲ့အခါတွင် မီးမပါဘဲသွားလာခြင်း၊ ရောင်ပြန်များမပါဘဲသွားလာနေခြင်းတို့ကြောင့်ဖြစ်ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပြုလုပ်ခြင်းဖြစ်ပြီး ပညာပေးကာလအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်လလျှင် နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်သည်။

 အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြစို့ စာတန်းပါ ရောင်ပြန်စတစ်ကာများကပ်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို စက်တင်ဘာ ၂၆ ရက်တွင် မဟာအောင်မြေမြို့နယ် ၆၂ လမ်း မနော်ရမ္မံကွင်းရှေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှုပေါင်း (၉၂၆၅)မှုရှိခဲ့ရာ ဆိုင်ကယ်များကြောင့်ဖြစ်ပွားရသည့် ယာဉ်တိုက်မှုမှာ (၄၄၈၂)မှု (၄၈.၃၈)ရာခိုင်နှုန်း ရှိခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုများသည် ညအချိန်မီးမပါ ရောင်ပြန်မပါ၍ ပိုမိုဖြစ်ပွားနေခြင်းဖြစ်သည်။