၂၀၁၇ ခုနှစ် ဧပြီလ ၁၇ ရက်

 မန္တလေးမြို့တော်နှင့် မြို့တော်သူ၊ မြို့တော်သားများ ဘေးအန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
 အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဌာနမှူးဆရာတော် အဂ္ဂမဟာဂန္တဝါ စကပဏ္ဍိတ ဘဒ္ဒန္တပဒုမသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်နှင့်ဇနီး ဒေါက်တာလှမျိုးခင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြို့တော်စည်ပင် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
 အခမ်းအနားအစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို၍ မြို့တော်ဝန်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းသည်။
 အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မြို့တော်ခန်းမရှေ့တွင် စာကလေး အကာင်တစ်ရာ၊ ချိုးငှက် အကောင် ၃၀ တို့ကို ဘေးမဲ့လွတ်ပေးပြီး မြို့တော်စည်ပင်ရုံးရှေ့ ကျုံးရေပြင်တွင် ငါးအကောင် (၁၅၀၀၀) ကို ဇီဝိတဒါနကောင်းမှုကုသိုလ်ပြု လွှတ်ပေးကြသည်။
  ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများက အမှတ်(၁)ရေတွန်းစက်ရုံ(မလွန်)သို့ ရောက်ရှိပြီး မြို့တော်နေပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရေပေးဝေလျက်ရှိသော ရေလှောင်ကန်အတွင်း ပရတ်ရေများ သွန်းလောင်းပေးခဲ့သည်။