၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၀ ရက်

 Alibaba Foundation မှ လှူဒါန်းပြီး China Foundation for Poverty Alleviation မှ တာဝန်ယူဆောင်ရွက်သော China Foundation for Poverty Alleviation Myanmar Office (၂)နှစ်ပြည့် အထိမ်းအမှတ်နှင့် Paukphaw Scholarship Project (Mandalay) အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီက မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုသံမှူး Mr.Tian Shan Ting, CFPA International Development Department မှ Director Mr.Wu Peng၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များနှင့် ကောလိပ်တို့မှ ပါမောက္ခချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ Fuqing Confucius School မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တရုတ် CATIC ၊ တရုတ် AVIC International Beijing Co.,Ltd. ၊TBEA Co.,Ltd နှင့် သတင်းမီဒီယာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး မန္တလေးမြို့တော်ဝန်က CFPA သည် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ထားပြီး တရုတ်-မြန်မာ ပြည်သူလူထုအချင်းချင်းကူညီမှုပုံစံဖြင့် Paukphaw Scholarship Project အား စတင်ခြင်းကို အထူးပင်ဝမ်းသာပြီး ကြိုဆိုလျက်ရှိကြောင်း၊ Project အား ရန်ကုန်မှ ယနေ့ မန္တလေးအထိ တိုးချဲ့လုပ်ဆောင်ပေးခြင်းအား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင်လည်း ပိုမိုများပြားသော ငွေကြေး လိုအပ်သော ကျောင်းသား၊ ကျောင်းသူများအား ကူညီနိုင်ရန် မျှော်လင့်ကြောင်းပြောကြားသည်။

 ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကလည်းကောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ ယဉ်ကျေးမှုသံမှူး Mr.Tian Shan Ting ကလည်းကောင်း၊ CFPA International Development Department မှ Director Mr.Wu Peng တို့က အမှာစကားအသီးသီးပြောကြားကြသည်။

 ထို့နောက် တာဝန်ရှိသူများက ပါမောက္ခချုပ်ခြောက်ဦးအား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာသင်ဆုရ မန္တလေးတက္ကသိုလ် ကျောင်းသူ တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မြို့တော်ဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ CFPA အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ပညာသင်ဆုရကျောင်းသား၊ ကျောင်းသူများ စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

 အဆိုပါ CFPA အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် INGO အသင်းမှတ်ပုံတင်လက်မှတ်ကို ၂၀၁၅ တွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိသော ပထမဆုံး China INGO ဖြစ်ကြောင်း၊ CFPA သည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသီးသီးတို့ရှိ တက္ကသိုလ်ပေါင်း ၁၂ ခုမှ ကျောင်းသားပေါင်း ၁၃၀၀ အား ပညာသင်ထောက်ပံ့စရိတ် ထောက်ပံ့နေပြီးဖြစ်ကြောင်း၊ ထူးချွန်သောလူငယ်များအား မြန်မာပြည်သို့စေလွှတ်မည်ဖြစ်ပြီး တရုတ်-မြန်မာပြည်သူလူထု၏ ခင်မင်ရင်းနှီးမှုများ တည်တံ့ခိုင်မြဲသွားမည်ဟု ယုံကြည်ပါကြောင်း၊ CFPA အဖွဲ့အစည်းသည် မြန်မာ၊ နီပေါ၊ အီသီယိုးပီးယား နှင့် ဆူဒန်တို့တွင် ရုံးခန်းများဖွင့်လှစ်ထားပြီး ထောက်ပံ့ရေးစီမံကိန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။