၂၀၁၇ခုနှစ် နိုဝင်ဘာလ ၃ရက်

 မန္တလေးမြို့၊ သီတင်းကျွတ်မီးထွန်းပွဲတော် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရား(၁၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပထမအကြိမ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲကို မန္တလေးမြို့တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီမှ ဦးစီး၍ ကုသိုလ်တော်ဘုရားဝန်း အနောက်မြောက်ထောင့် ဘော်လီဘောကွင်းတွင် အောက်တိုဘာ ၃ရက်မှ ၆ ရက်အထိ ပြိုင်ပွဲဝင်ကာကွယ်ရေး(က)အသင်းနှင့် (ခ)အသင်း၊ မတ္တရာအသင်း၊ ကျောက်ဆည်အသင်း၊ မျိုးညွန့်အသင်းနှင့် စဥ့်ကူးအသင်းစသည့် အသင်းပေါင်း ၈သင်းတို့က အုပ်စုတစ်စုတွင် ပါဝင်ကြပြီး အောက်တိုဘာ ၃ရက်မှ ၆ရက်အထိ နံနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညနေပိုင်း ၂ပွဲနှုန်းဖြင့်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 ပြိုင်ပွဲမစတင်မီ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲကကျင်းပရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ တိုင်းဘော်လီဘောဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့က အမှာစကားပြောကြားကြသည်။

 ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဘော်လီဘော ဆပ်ကော်မတီ ဥက္ကဋ္ဌတို့က ပြိုင်ပွဲကိုဖွင့်လှစ်ပေးကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးသည် (က)အုပ်စု ပထမပွဲစဉ်အဖြစ် ကာကွယ်ရေး(က)အသင်းနှင့် ကျောက်ဆည်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။