၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂ ရက်

 ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်သို့ လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီက ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်း က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ဖြင့် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများသို့ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဝန်ထမ်းများအား သုတ၊ ရသစာအုပ်များ ငှားရမ်းေ ပးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မောရဂီဝါရပ်ကွက် အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်မာနှင့် ရပ်မိရပ်ဖ ဦးလှဝင်းတို့က ကျေးဇူးတင်စားပြောကြားသည်။

 ၎င်းနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင် ဦးညီညီထွန်း+ဒေါ်နန်းလှခင်၊ သား-မောင်ကျန်စစ်ရှင်၊ သမီး-မနန်းမြူမှုန်ဖွေး (ရွှေအားဓာတ်မြေသြဇာဖြန့်ချိရေး) မိသားစုက အလှူငွေကျပ် သိန်း ၃၀ နှင့် အလှူရှင် ဦးထွန်းထွန်းနိုင်+ဒေါ်ပိုးသဉ္ဇာဝင်း(စိုးဝင်း လက်ဖက်ခြောက်) မိသားစုက အလှူငွေကျပ် ငါးသောင်းတို့ကို လှူဒါန်းပေးမှုအတွက် တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ စိုးသန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်သည်။