၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့

 ပဉ္စမအကြိမ်မြောက် ကိုယ်ပိုင်ကျောင်းများအသင်း၏ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ  မွန်းလွဲ ၂ နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်  ဆရာမကြီးဒေါ်စန်းစန်းရီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ ကိုယ်ပိုင်ကျောင်းများအသင်း မန္တလေးတိုင်းဒေသကြီး ဥက္ကဌ ဆရာမကြီး ဆရာမကြီး ဒေါ်နှင်းနှင်းမော်၊ ဒုတိယဥက္ကဌ ဆရာကြီး ဦးကျော်ဇော၊ အထွေထွေအတွင်းရေးမှူး ဆရာကြီး ဦးရဲမင်းစိုး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဥက္ကဌ ဆရာကြီး ဦးကျော်အောင်ဆန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် အားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ စိုးသန်းက အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေး သည်။

 ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီက အမှာစကား ပြောကြားပြီး ကိုယ်ကိုင်ကျောင်းများ အသင်းဥက္ကဌ ဆရာမကြီး ဒေါ်နှင်းနှင်းမော်က ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန် ရွတ်ဆို၍ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

 ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ဝင်တို့က ကိုယ်ပိုင်ကျောင်းများ၊ ကျောင်းသား၊ ကျောင်းသူတို့၏ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနှင့် ဒူရာ အက၊ ကဗျာလွတ်အက၊ Fitness Combat Dance တို့ဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်းနှင့် ဝူရှုးအားကစား စွမ်းရည်သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယူနတီကျောင်းအသင်းနှင့် စံသရဖူကျောင်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရာ ဒုတိယပိုင်းပွဲပြီး သည် အထိနှစ်ဂိုးစီ သရေဖြစ်ခဲ့၍ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကြရာ၌လည်း ထပ်မံသရေပွဲဖြစ်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းကြရာ စံသရဖူကျောင်းအသင်းက ခြောက်ဂိုး၊ လေးဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲသွားကြောင်းနှင့် ညပိုင်း၌ ပြိုင်ပွဲအားကစားနည်း ၁၀ မျိုးတွင် စံဟိန်းကျောင်းက ရွှေ ၁၃၊ ငွေ ခုနှစ်၊ ကြေး ခြောက်ခုတို့ဖြင့် ပထမရရှိပြီး မင်းမြန်မာကျောင်းက ဒုတိယ၊ မိုးသောက်ပန်းကျောင်းက တတိယ ရရှိကြပြီး ဆုရကျောင်းအသင်းတို့မှ အားကစားသမားများအား ဆရာမကြီး ဒေါ်နှင်းနှင်းမော်နှင့် တာဝန်ရှိသူတို့က ဆုငွေ၊ ဆုတံဆိပ်နှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။