၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

 ၂၀၁၆ ခုနှစ်၊ (၂၁)ကြိမ်မြောက် G.T.I ကျောင်းပေါင်းစုံ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးရှိ ဓမ္မဗိမာန်တော်၌ ကျင်းပသည်။

 ရှေးဦးစွာ ပင့်သံဃာတော်များ၊ G.T.I ကျောင်းသားဟောင်း သံဃာတော်များကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချအမျှပေးဝေကြသည်။

 ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အစီအစဉ်အရ A.G.T.I Society ဥက္ကဋ္ဌ ဦးငြိမ်းအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အာစရိယပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့် (အင်ဂျင်နီယာမှူးကြီး-ငြိမ်း)က ပူဇော်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကျောင်းသားဟောင်း ဗိုလ်မှူးကြီး သန်းထွန်း(ငြိမ်း)နှင့် တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်တို့က ဝမ်းမြောက်စကားကိုလည်းကောင်း အသီးသီးပြောကြားကြသည်။

 ဆက်လက်၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၂၈၇ ဦးတို့အား ကျောင်းသား၊ ကျောင်းသူများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန်တော့ငွေ၊ ကန်တော့ပစ္စည်းများဖြင့် ပူဇော်ပေးအပ်ကြသည်။

 ယင်းနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးအောင်ရွှေ(လ/ထ ကထိက-ငြိမ်း)က သြဝါဒစကား ပြောကြားချီးမြှင့်သည်။ ထို့ နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများ ကိုယ်စား ဦးကျော်ဝေ(သခင်ဖိုးလှကြီး စက်မှုလက်မှုသိပ္ပံ-ချောက်)က ကျေးဇူးတင်စကားပြောကြားပြီး နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၀၀ ဦးခန့်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ နေ့လယ်စာ ဖြင့် ကျွေးမွေးဧည့်ခံခြင်းနှင့် ပူဇော်ပွဲအတွက် အလှူငွေများ လှူဒါန်းကြသည်။ အလှူရှင် ကျောင်းသားဟောင်းများအား ကော်မတီဝင်များက ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့်ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။ ထို့အပြင် G.T.I ကျောင်းပေါင်းစုံ ကျောင်းသား၊ ကျောင်းသူဟောင်းများက ရွှေကျင်တိုက်မကြီးသို့ ဆွမ်းပဒေသာပင် အလှူငွေကျပ် ၁၀ သိန်းကိုလည်း ဆပ်ကပ်လှူဒါန်းခဲ့သည်။