၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

၂၀၁၇ ခုနှစ်၊ နိုင်ငံတကာစာပေတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခမ်းမ၌ကျင်းပသည်။

 အခမ်းအနားတွင် အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ လူတိုင်းအတွက်ပညာရေး” သီချင်းဖြင့် သီဆိုဖျော် ဖြေကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူက ၂၀၁၇ နိုင်ငံတကာစာပေတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။

 ဆက်လက်၍ ယူနက်စကိုအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာပေတတ်မြောက်ရေးနေ့ အခမ်းအနားသို့ပေးပို့သောသဝဏ်လွှာကို မန္တလေးတိုင်း ဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးညွှန့်မောင်ကဖတ်ကြားသည်။ ဆက်လက်၍ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ကမ္ဘာ့အဆင့်မီပညာရည်” သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။ ထို့နောက် နိုင်ငံတကာစာပေတတ်မြောက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးရရှိသူများအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကလည်းကောင်း ဆုများချီးမြှင့်ကြသည်။

 ဆက်လက်၍ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ ဝထကလသ” တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့်ဧည့်သည်တော်များသည်၂၀၁၇ ခုနှစ်၊ နိုင်ငံတကာစာပေတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြခန်း များကို ကြည့်ရှုကြသည်။

 အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အစဉ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး ဦးတည်ဆောင်ရွက်ပေးလျက်ရှိရာ တစ်မျိုးသားလုံးစာတတ်မြောက်ရေးသည် အဓိကကျသဖြင့် ကျောင်းပညာရေးဖြင့်လည်းကောင်း၊ ကျောင်းပြင်ပပညာရေးဖြင့်လည်းကောင်း ဆောင်ရွက် ပေးလျက်ရှိသည်။