၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၇ ရက်

 ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျောက်ဆည်မြို့ပြည်သူများပူးပေါင်းလျက် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၇ နံနက်၈ နာရီက မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

 အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်ဌေး၊ Unity ကိုယ်ပိုင်ကျောင်းမှ ဘာသာစုံဂုဏ်ထူးရှင် မောင်မင်းခန့်ညီညီ၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးရှင် လူရည်ချွန် နှစ်ထပ်ကွမ်း မဆုရတနာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

 ထို့နောက် မြင်စိုင်းခန်းမတွင် ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးက ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော် Theme Song ဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တာဝန်ရှိသူများက၊ အသိပညာပေးပြခန်းများ၊ သိပ္ပံပြခန်းများ၊ ပြိုင်ပွဲများ၊ ကလေးများပျော်ရွှင်ဖွယ်အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စာအုပ် အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 ကလေးစာပေပွဲတော် ကျောက်ဆည်ကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းရာ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲ နိုင်သည်။