၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

  ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ခွေးပြုတ်ကျေးရွာရှိ လွန်ခဲ့သော နှစ်ပေါင်း (၁၅၀)ကျော်ခန့်က တူးဖော်ထားခဲ့သည့် ကျေးရွာသောက်သုံး ရေကန်ကြီး ပြန်လည်ပြုပြင်တူးဖော်မှုလုပ်ငန်းအောင်ပွဲအထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က အဆိုပါ ကန်ပေါင်ပေါ်တွင် ကျင်းပသည်။

 အနန္တမေတ္တာကန်တော်ကြီးမင်္ဂလာမုခ်ဦးကို မင်္ဂလာအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်နှင့် မ,တည်အလှူရှင်များဖြစ်ကြသော ဦးဘိုထွန်း(စက်သုံးဆီ ရောင်းဝယ်ရေး)နှင့် ဦးစံရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကန်ပေါင်ပေါ်တွင် စိုက်ထူးထားသည့် ကမ္ဗည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များ ပက် ဖျန်းပေးကြသည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။

 ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားပြီး ကျေးရွာဇာတိဖွား မ,တည်အလှူရှင်က ကန်တော်ကြီး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြား သည်။

 ထို့နောက် ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်ဦးစီးပဓာန၊ နာယကဆရာတော် ဘဒ္ဒန္တ သောဘန အမှူးပြုသော သံဃာတော်အပါး ၂၀ ထံမှ ငါးပါး သီလဆောက်တည်ကြ၍ ပရိတ်တရားတော်များနှင့် ရေစက်ချတရား နာယူကြည် ညို ကြသည်။

 အနန္တမေတ္တာကန်တော်ကြီးကို  သက္ကရာဇ် ၁၂၂၃ ခုနှစ်တွင် ခွေးပြုတ်ကျေးရွာ ကျောင်းဒကာ ဦးဘောဂ(ခ)ဦးပေါ လှူဒါန်းသည့် ကုန်းမြေမြင့်ပေါ်တွင် ခွေးပြုတ်ကျောင်းဆရာတော် ဦးနန္ဒမာလ၏ စီမံမှုဖြင့် စတင်တူးဖော်ပြီး ခေတ်အဆက် ဆက် တိုးချဲ့ပြုပြင်တူးဖော်ခဲ့ကြရာ ယခုအခါ အရှေ့နှင့်အနောက် ပေ ၆၅၀ နှင့် တောင်နှင့်မြောက် ပေ ၁၁၅၀ တိုးချဲ့တူးဖော်ဆောင်ရွက်ခဲ့ပြီး ကန်တာပေါင်များ ခိုင်ခံ့အောင် ပြုပြင်ပေးနိုင်ခဲ့သည်။ အဆိုပါ သောက်သုံးရေကန်ကြီး ရေပြည့် ဝင်ရောက်နိုင်ပါက ခရိုင်တော၊ ပနီတွင်း၊ ကံကျဲ၊ ညောင်လှ၊ ကြို့ပင်သာ အစရှိသည့် ကျေးရွာ ၁၁ ရွာခန့်ရှိ အိမ်ခြေ ၁၃၀၉ အိမ်မှ လူဦးရေ ၆၅၄၅ ဦးတို့အတွက် သောက်သုံးရေကို ရာသီမရွေး လုံလောက်စွာ ရယူသုံးစွဲနိုင်ကြမည်ဖြစ်သည်။