၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်

 အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဘာသာပေါင်းစုံမှ ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၇၅ လမ်းထောင့်ရှိ မက်သဒစ်အသင်းတော် ဦးဘအုန်းခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနား၌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာဦးဇော်ဝင်းအောင်က အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောတို့က အမှာစကားများ အသီးသီးပြောကြား၍ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်းဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဓမ္မာဓိပတိ၊ ဓမ္မိကာရာမ တိုက်၊ ငွေငါးကျောင်းဆရာတော် ဘဒ္ဒန္တကာဝိယ (ဂဠုန်နီ)တို့ အမှုးပြုသော သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ရွတ်ပွားချီးမြှင့်ကာ ဆုတောင်း မေတ္တာပို့သကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဘာသာပေါင်းစုံမှ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များက သက်ဆိုင်ရာဘာသာအလိုက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆုတောင်းမေတ္တာများ ပို့သကြသည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ တက်ရောက်လာကြသူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။