၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

 ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကတ္တရာလမ်း များအား ပြည်သူလူထုထံ အပ်နှံပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ရွှေဒါးလမ်းနှင့် ၈၉လမ်းကြား၊ ၁၆လမ်း မုခ်ဦးမင်္ဂလာမဏ္ဍပ်ရှေ့၌ ပြုလုပ်သည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး၊ ဒေါက်တာညီမင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းတဲအီကင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။

 ရှေးဦးစွာ ဒေါက်တာသန်းဝင်းက အမှာစကားပြောကြားပြီး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ဦးစိုးဝင်းက ကျေးဇူးတင်စကားပြောကြားသည်။

 ထို့နောက် မင်္ဂလာအချိန်တွင် ကတ္တရာလမ်းသစ်မုခ်ဦးမဏ္ဍပ်ရှေ့တွင် ဒေါက်တာခင်မောင်ဌေး၊ ဒေါက်တာသန်းဝင်း၊ ဒေါက်တာအောင်ကျော်ဦး၊ ဒေါက်တာ ညီမင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုကြသည်။

 အဆိုပါလမ်းအား ပြည်သူ့လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်သိန်း ၅၀၊ ပြည်သူ့ထည့်ဝင်ငွေကျပ် ၉၁၁၈၀၀၀ ဖြင့် အရှည် ၅၁၅ ပေ၊ အကျယ် ၁၆ ပေ လမ်းကို သြဂုတ်လ ၂၀ ရက်တွင် စတင် ခင်းခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ပြီးစီးခဲ့သည်။

 အလားတူ ဒေါနဘွားရပ်ကွက်၊ မင်္ဂလာနဒီလမ်း ကတ္တရာလမ်းကို ရန်ပုံငွေကျပ် ၇၅ သိန်း၊ ပြည်သူ့ထည့်ဝင်ငွေကျပ် ၁၁၅ သိန်းဖြင့် လည်းကောင်း၊ ဥပုသ်တော်ရပ်ကွက် ၇၅ လမ်းနှင့် ၇၆ လမ်းကြား၊ ၄ လမ်း ကတ္တရာလမ်းကို ရန်ပုံငွေကျပ် သိန်း ၅၀၊ ပြည်သူ့ထည့်ဝင်ငွေကျပ် ၄၂ သိန်းဖြင့် အရှည် ၃၈၃ ပေ၊ အကျယ် ၁၂ ပေလမ်းကို လည်းကောင်း ဖွင့်လှစ်ခဲ့ကြသည်။