၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၅ရက်

 ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီးခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၂နာရီက မန္တလေးမြို့၊ ဗထူးအားကစားခန်းမ၌ကျင်းပရာ မန္တလေးခရိုင်အမျိုးသား(ခ)နှင့် အမျိုးသမီး(က)အသင်းတို့ အနိုင်ရဗိုလ်စွဲသွားသည်။

 ဗိုလ်လုပွဲသို့ မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးကောလိပ်(မန္တလေး)၊ ခရိုင်အားကစားနှင့်ကာယပညာဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးများ၊ မန္တလေး တိုင်းဒေသကြီးကြက်တောင်ဆပ်ကော်မတီပြိုင်ပွဲအတွက် ပံ့ပိုးပေးကြသော ကြက်တောင်အထောက်အကူပြုပစ္စည်းများနှင့်ပထမဆုအလှူရှင် YY Yonex မြန်မာနိုင်ငံကိုယ်စားလှယ် ကောင်းမြတ်ကုမ္ပဏီ၊ နယူးချယ်ရီရောင်းဝယ်ရေးမိသားစု၊ မောရွှေလီကားဂိတ်၊ ဒေါ်နုနုလင်း(ရွှေငါးသင်္ကန်းဆိုင်)၊ စန္ဒမေ ဖက်ထုပ်ဆိုင်မိသားစုတို့မှ တာဝန်ရှိသူများနှင့်ပြိုင်ပွဲဝင်အသင်းများ၊ ကြက်တောင်အားကစားဝါသနာရှင်များတက်ရောက်အားပေးကြသည်။

 ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ အမျိုးသမီးလူသစ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားလူသစ်တန်းတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး လူသစ်တန်း၊ အမျိုးသားလူသစ်တန်း (၂)ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အားကစားသမားတို့အား ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးထွန်းနွယ်လင်း၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့်မန္တလေးခရိုင်တို့မှ အား/ကာလက်ထောက်ညွှန်ကြားရေးမှူးများနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်မြသက်တို့က တစ်ဦးချင်းဆုများ၊ ငွေသားဆုများ၊ နယူးချယ်ရီရောင်းဝယ်ရေးမိသားစု၏လက်ဆောင် ပစ္စည်းများချီးမြှင့်ကြပြီး ပထမဆုရအားကစားသမားများကို YY Yonex  မြန်မာနိုင်ငံကိုယ်စားလှယ် ကောင်းမြတ်ကုမ္ပဏီက အားကစားပစ္စည်းများချီးမြှင့် သည်။ ထို့နောက် အမျိုးသမီးအသင်းလိုက်နှင့်အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင်  ပထမ၊ ဒုတိယ၊ တတိယဆုရအားကစားသမား များအား တစ်ဦးချင်းဆုတံဆိပ်များကို မန္တလေးတိုင်းဒေသကြီးကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ဝင်းနှင့်တာဝန်ရှိသူများက ဆုချီးမြှင့်ကြပြီး ငွေသားဆုများကို အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝေဇင်၊ ဒုတိယကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်တို့က ပေးအပ်ချီးမြှင့်ကြသည်။

 ထို့နောက် ပထမဗိုလ်စွဲသွားသည့် မန္တလေးခရိုင်အမျိုးသား(ခ)အသင်းနှင့်မန္တလေးခရိုင်အမျိုးသမီး(က)အသင်းတို့အား မန္တလေးတိုင်းဒေသကြီးလူမှုရေး ဝန်ကြီးဌာနဝန်ကြီးက ဆုငွေကျပ် (၃)သိန်းစီ၊ ပထမတံခွန်စိုက်ဖလားတို့ကို ချီးမြှင့်သည်။

 ဆက်လက်၍ ကောင်းမြတ်ကုမ္ပဏီက ပထမဆုရှင်များအား ကြက်တောင်အထောက်အကူပြုလက်ဆောင်ပစ္စည်းများ၊ နယူချယ်ရီရောင်းဝယ်ရေးမိသားစုက ဆုရရှိသူများနှင့်အုပ်ချုပ်ရေးနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။