၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

 မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ မန္တလေးမြို့တွင် ယနေ့နံနက် ၈နာရီခွဲက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုထောက်ခံသည့် အခမ်းအနားကျင်းပသည်။

 အဆိုပါအခမ်းအနားတွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစုပေါင်း ၅၀၀၀ကျော်ခန့် သည်စစ်ကြောင်းငါးကြောင်းဖြင့် ၃၅လမ်းနှင့် ၆၂လမ်း စုရပ်၊ သိပ္ပံလမ်းနှင့် ၆၂လမ်း စုရပ်နှင့် ၆၃လမ်းနှင့်၆၄လမ်းကြား၊ လမ်း၄၀ စုရပ်တို့၌စုဝေးကြပြီး ၆၂ လမ်းမအတိုင်းစတင်ချီတက်ကာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ဂုဏ်ပြုကြိုဆိုခဲ့ပြီး ဗီနိုင်းပိုစတာကြီးများနှင့်လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် ထောက်ခံကြိုဆိုကာ အခမ်းအနားကျင်းပရာ မနောရမ္မံကွင်းသို့ ချီတက်ခဲ့ကြသည်။

 ထို့နောက် ငြိမ်းချမ်းရေးညီလာခံအား ထောက်ခံကြိုဆိုပွဲအခမ်းအနားကျင်းပရာ သဘာပတိ မဟာအောင်မြေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဖေ၊ အဖွဲ့ဝင်ရှမ်းတိုင်းသား သာရေး၊ နာရေးအသင်းမှ ချင်းတိုင်းရင်းသား ဒေါက်တာ ဝမ်လျှံတမ်နှင့် မွန်တိုင်းရင်းသား နိုင်မောင်မြင့်တို့က စင်မြင့်ထက်တွင် နေရာယူကြပြီး စစ်ကြောင်းများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ယင်းနောက် သဘာပတိ ဦးသိန်းဖေက အမှာစကားပြောကြားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်တိုင်းရင်းသားအဖွဲ့များ အောင်မြင်စွာပါဝင်စေရန် လူထုထောက်ခံပွဲကို ကြိုဆိုထောက်ခံသည့်အဆိုကို ပြည်ကြီးတံခွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်အေးက တင်သွင်းခဲ့ရာ ချမ်းမြသာစည်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင် ဦးစောသက်ထွန်းဦးက ထောက်ခံကြောင်းတင်သွင်းပြီး တက်ရောက်လာသည့် ပြည်သူလူထု၏ ထောက်ခံချက် သဘောထားဆန္ဒရယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။