၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

 Top Y International ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မန္တလေး အဆင့်မြင့် ကုန်စည်ပြပွဲကြီး (၂၀၁၇)ဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ ကုန်စည်ပြပွဲကြီးဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မင်္ဂလာအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်သားရေးရာဝန်ကြီး ဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ Top Y International ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးကံကော်၊ ဦးထွတ်သွေးအိမ့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသပေးထားသော ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 မန္တလေး အဆင့်မြင့် ကုန်စည်ပြပွဲကြီး (၂၀၁၇)ကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီထိ ဝင်ကြေးမရှိ အခမဲ့ ပြသမည်ဖြစ်ပြီး ကုန်စည်ပြပွဲကြီးတွင် လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်၊ အလှကုန်၊ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန် များ၊ စားသောက်ကုန်များ၊ ကျန်းမာရေးပစ္စည်းများ၊ ဆေးပစ္စည်းနှင့် ဆေးဝါး စသော အရောင်းပြခန်းများပါရှိကာ ကျပ် ၅၀၀၀ နှင့်အထက် ဝယ်ယူ သူများ ကံစမ်းမဲလက်မှတ်များ ထုတ်ယူကာ ကံစမ်းနိုင်ပြီး နေ့စဉ် ရေနွေးအိုး၊ နာရီ၊ အားသွင်းမီးခြစ်၊ လူသုံးကုန်များနှင့်အတူ ရွှေဆွဲပြား ကံစမ်းမဲ များပါရှိလျက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ညနေ ၆ နာရီမှစတင်၍ A Winner ဆုရှင် ဇေယျာလင်းဦးဆောင်သော Dynamic Z Dancer Group ၏ အက၊ မော်ဒယ်ရှိုး၊ အိမ်မက်ဆုံရာ ပထမဆုရှင် တေးသံရှင် ချစ်ဇွဲ သားပိုင်ပိုင်တို့ သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။