၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်

 သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အနုပညာအထက်တန်းကျောင်း(မန္တလေး) ကျောင်းဆင်းလက်ရာ မွန်ပြပွဲနှင့် စင်တင်ကပြဖျော်ဖြေပွဲကို ဧပြီ ၃ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့၊ ၆၆ လမ်း ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇောတို့ တက်ရောက်အားပေးပြီး ပန်းချီ၊ ပန်းပုသင်တန်းဆင်းလက်ရာမွန်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပန်တျာဌာနနှင့် ပန်းချီ၊ ပန်းပုဌာနမှ ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများ ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။

 ဆက်လက်၍ အနုပညာအထက်တန်းကျောင်း(မန္တလေး) ပန်တျာဌာန သင်တန်းဆင်းများက ဘုရားကန်တော့ခန်း၊ အပျိုတော်၊ သွက်လက်မြူးကြွ မင်းသားအက၊ ဂါရဝဦးတင်ကန်တော့ပန်းဆင်၊ တီးကွက်မြိုင်ဆိုင် အလှချင်းပြိုင်၊ ဆန်းသစ်လှပ မင်းသမီးအက၊ ချိုမြသံသာ ဆိုင်းပညာ စသည့် ပဒေသာကပွဲအစီအစဉ်များ၊ တိမ်မြုပ်ပျောက်ကွယ်နေသည့် စန္ဒကုမာရဇာတ်တော်ကြီးတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 အနုပညာအထက်တန်းကျောင်း (မန္တလေး)သည် နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ အနုပညာဘာသာရပ်များကို (၃)နှစ် ကာလအတွင်း သူ့အပိုင်းနှင့်သူ စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားလေ့ကျင့်ပေးနေသော ကျောင်းတော်ကြီးဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင် များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။