၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်

 မန္တလေးတိုင်းဒေသကြီး၏ ကြက်တောင်ရိုက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ဒေသတွင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် လူငယ်လူရွယ်များ မိမိ ဝါသနာပါရာ အားကစားနည်း တစ်ခုခုကို စိတ်ပါဝင်စားစွာ ကစားခြင်းဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွလာစေရန်နှင့် တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီတို့ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၄ ရက် ညနေ ၄ နာရီခွဲက မန္တလေးမြို့ ဗထူးအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခရိုင်မှ အမျိုးသား ၇ သင်း၊ အမျိုးသီး ၄ သင်းတို့မှ ပြိုင်ပွဲဝင် အားကစားမောင်မယ် ၉၀ ကျော် ပါဝင်ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းနိုင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခင်ဇော်အောင်၊ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ ခရိုင် အား/ကာ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်အားကစားမှူးများ၊ ကြက်တောင်အားကစားမောင်မယ်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 ပြိုင်ပွဲတွင် အုပ်စု (က)မှ မန္တလေးခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ အုပ်စု (ခ)တွင် ပြင်ဦးလွင်ခရိုင်၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်အသင်းတို့ ပါဝင်ကြပြီး အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် မန္တလေးခရိုင်အသင်းတို့ အသီးသီးပါဝင်ကြကာ ပြိုင်ပွဲယနေ့ပွဲစဉ်တွင် အုပ်စု (ခ)မှ ပြင်ဦးလွင်ခရိုင်အသင်းက ရမည်းသင်းခရိုင်အသင်းကို သုံးပွဲပြတ်၊ ညောင်ဦးခရိုင်အသင်းက မြင်းခြံခရိုင်အသင်းကို သုံးပွဲ၊ တစ်ပွဲတို့ဖြင့် အနိုင်ရရှိပြီး  အမျိုးသမီးပွဲစဉ်ပြိုင်ပွဲတွင် မန္တလေးခရိုင်အသင်းက ကျောက်ဆည်ခရိုင်အသင်းကို သုံးပွဲပြတ်၊ အမျိုးသားပွဲစဉ်တွင် အုပ်စု (က)မှ မိတ္ထီလာခရိုင်အသင်းက ကျောက်ဆည်ခရိုင်အသင်းကို သုံးပွဲပြတ်၊ အုပ်စု (ခ)မှ ပြင်ဦးလွင်ခရိုင်အသင်းက မြင်းခြံခရိုင်အသင်းကို သုံးပွဲပြတ်၊ ညောင်ဦးခရိုင်အသင်းက ရမည်းသင်းခရိုင်အသင်းကို သုံးပွဲ၊ နှစ်ပွဲဖြင့် အသီးသီးအနိုင်ရရှိကြပြီး ပြိုင်ပွဲကို ဧပြီ ၇ ရက်အထိ ဆက်လက်ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်သည်။