၂၀၁၇ခုနှစ်၊ သြဂုတ်လ ၇ ရက်

 ၂၀၁၇-၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၇ ဦး၊ ငွေတံဆိပ် နှစ်ဦး၊ ကြေးတံဆိပ် ငါးဦး၊ အကောင်းဆုံး အားကစားသမားဆု သုံးဦး၊ အမျိုးသမီး(ခတ)(ကုမိတဲ့)ပထမတံခွန်စိုက်ဆုဖလား နှစ်ဆုနှင့်အတူ အမျိုးသား၊ အမျိုးသမီး စုပေါင်း ပထမတံခွန်စိုက် ဆုဖလားကြီးကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သော အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ကရာတေးဒို လက်ရွေးစင်မောင်မယ်အသင်းအား ဂုဏ်ပြုချီးမြှင့် ပွဲအခမ်းအနားကို သြဂုတ်လ ၇ ရက် နံနက် ၁၁ နာရီက မင်္ဂလာမန္တလေးအိုးရှင်းစူပါစင်တာ အနောက်ဘက်ခြမ်းရှိ Colala Kitchen Restaurant ခန်းမ၌ ကျင်းပခဲ့သည်။

 ဂုဏ်ပြုချီးမြှင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် ဦးမျိုးသစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဝမ်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီးကရာတေးဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်နှင့် တိုင်းအားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အောင်ပွဲရအသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းကရာတေးဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်က ပြိုင်ပွဲအောင်ပွဲရရှိပုံများကို ရှင်းလင်းတင်ပြပြီးနောက် နှစ်နှစ်ဆက်တိုက် အောင်ပွဲရအသင်း မှ အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများအား မိတ်ဆက်ပေးခဲ့သည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် အောင်ပွဲရအသင်းမှ တာဝန်ရှိသူများက အမျိုးသမီး(ခတ) ပထမတံခွန်စိုက်ဆုဖလား၊ (ကုမိတဲ့)ပထမတံခွန်စိုက်ဆုဖလားနှင့် အမျိုးသား၊ အမျိုးသမီး စုပေါင်းပထမတံခွန်စိုက်ဆုဖလားတို့ကို ပြည်လည်အပ်နှံရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် ဦးမျိုးသစ် တို့က လက်ခံရယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေကျပ် ငါးသိန်းကို အောင်ပွဲရအသင်းအား ဂုဏ်ပြုပေးအပ်သည်။

 ယင်းနောက် ဥက္ကဋ္ဌဦးဇော်နိုင်က အောင်ပွဲရအသင်းအုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများအတွက် ဆုငွေကျပ် ၁၄ သိန်းနှင့် ဒေါ်လာ ၃၀၀၊ A-1 ရောင်းဝယ်ရေးက ဆုငွေကျပ် ၁၀ သိန်း၊ Nagaka၊ ရီရှင်းအလှကုန်၊ JKA တို့မှ လှူဒါန်းငွေများအပါအဝင် စုစုပေါင်း ဆုငွေကျပ် ၅၂ သိန်းနှင့် US ဒေါ်လာ ၃၀၀ ချီးမြှင့်ကာ အောင်ပွဲရအသင်းအား နေ့လည်စာဖြင့် ဂုဏ်ပြုဧည့်ခံကြသည်။