၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

 (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲ၌ ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် မန္တလေးတိုင်းဒေသကြီးအားကစားသမားများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား အကြိုဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ၃၅ လမ်းရှိ ရွှေဘဲခန်းမ တတိယထပ်၌ ကျင်းပပြုလပ်သည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဝူရှူးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသက်ဝေ၊ အတွင်းရေးမှူး ဦးကျော်အေး(နည်းပြချုပ်)နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူသော ဧည့်သည်များ၊ နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဂုဏ်ပြု အမှာစကားပြောကြားသည်။

 ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် တိုင်းဒေသကြီးဝူရှူးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးပိုမြင့်၊ ပါမောက္ခချုပ်(ငြိမ်း)တို့က နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ် ဆုရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုစကားနှင့် ဆုရအားကစားမောင်မယ်များကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးရန်နှင့် ပြိုင်ပွဲဝင်များ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများဆက်လက်ဆွတ်ခူးရရှိနိုင်ရန် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးကြိုးစားစား လေ့ကျင့် ယှဉ်ပြိုင်သွားရေးတို့ကို မှာကြားသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ပညာရေးကျောင်းများ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းစိုး(မင်းမြန်မာကိုယ်ပိုင်ပညာရေးကျောင်း)မှ နန်းသောင်း+နန်းကွန့် နှစ်မျိုးပေါင်းတွင် ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မောင်သိန်းသန်းဦး (လပခ) နှင့်(ချမ်းချွမ်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် မမြတ်သက်ဆုဝေဖြိုး(အား/ကာ)တို့ကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်တင်ဓာတ်ပုံရိုက်ကြသည်။

 ယင်းနောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲဝင် ဝူရှူးအားကစားသမားများအား တိုင်းဒေသကြီး ဝူရှူးဆပ်ကော်မတီဥက္ကဋ္ဌ ဦးသက်ဝေက နေ့လယ်စာဖြင့် ဧည့်ခံဂုဏ်ပြုခဲ့ကြသည်။