၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်

 မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောနှင့် ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်း(၅)ဘာသာဂုဏ်ထူးရှင် နှစ်ဦးနှင့် (၄)ဘာသာဂုဏ်ထူးရှင် တစ်ဦးကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဆုများပေးအပ်ချီးမြှင့်ပြီး (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာဂုဏ်ထူးရှင်များအား ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 ဆုပေးပွဲအခမ်းအနားတွင် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဆု(၂၁)ဆု၊ တန်းခွဲဆု(၂၂၆)ဆု၊ ဖွံ့ဖြိုးရေးဆု(၇၇)ဆု၊ ခွင့်ရက်မပျက်ဆု(၃၈)ဆု၊ တန်းပေါင်းဆုချုပ်(၈၂)ဆု၊ ဒသမတန်း ဂုဏ်ထူးသင်ဆရာမဆု(၁၅)ဆု၊ ကျောင်းကောင်စီအသင်းတံခွန်စိုက်ဆု(၁)ဆု၊ ဓမ္မာစကြာဆု(၅)ဆု စုစုပေါင်း ၄၆၅ ဆုကို ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်တင်အေးနှင့် မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီးပေးအပ် ပြီး အနုပညာအသင်းမှ အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။