၂၀၁၇ ခုနှစ် စက်တင်ဘာလ ၆ ရက်

 မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ပဏာမအသံစစ်ဆေးခြင်းကို နဝမမြောက်မြို့အဖြစ် ကျင်းပသည်။

 “လျှောက်လွှာကတော့ ၆၀၀ နီးပါးလောက်တက်တာတွေ့ရပါတယ်။ ကျွန်တော်တို့က တစ်နေ့ကို ၃၀၀ နီးပါးလောက် စိစစ်နိုင်လိမ့်လို့ ထင်ပါတယ်။ နှစ်ရက်ခွဲပြီး အသံကိုစစ်ရမယ်လို့ထင်တယ်။ Final ကတော့ လူအကန့်အသတ်ဘယ်လောက်ရှိတယ်ဆိုတာ ပရိုဆီဂျာအသင်းကပဲ ကျွန်တော်တို့ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အသံစစ်ဆေးတဲ့အခါမှာ သူတို့က လျှောက်လွှာအချိန်မီဝင်ထားရမယ်ဆိုတဲ့အချက်က အဓိကကျတယ်။ နောက်တစ်ချက်က မိန်းစီးရီးမထွက်ဘူးတဲ့ သူတွေအားလုံးပြိုင်လို့ရတယ်။ အသက်အရွယ်ကန့်သတ်ချက်ထဲပါဝင်ရင် ပြိုင်လို့ရပါတယ်။ ကျွန်တော်တို့စစ်တာတော့ အနုပညာ ပေတံအရ Music မပါဘဲ ပင်မအသံ၊ ပင်ကိုအသံမျိုးကို စစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပထမဆုံးအခြေခံအဆင့် ရွေးချယ်သွားမှာပါ”ဟု တေးရေး နောင်နောင်(Sun Flower)က ပြောသည်။

 အဆိုပါပြိုင်ပွဲကို မန္တလေးအမျိုးသားဇာတ်ရုံတွင် ၂ ရက်တိတိကျင်းပမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာလက်ဝယ်ရှိပြီး ပြန်မတင်ရသေးသည့် ပြိုင်ပွဲဝင်များ မည်သူမဆို ယခုစက်တင်ဘာ ၆ ရက်၊ ၇ ရက်တို့တွင် မှတ်ပုံတင်၊ မှတ်ပုံတင်နံပါတ်ပါသည့် သက်သေခံအထောက်အထားတစ်ခုခုဖြင့် နံနက် ၈ နာရီခွဲမှစတင်၍ အဆိပါကဇာတ်ရုံသို့ လာရောက်စာရင်းသွင်းယှဉ်ပြိုင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ပြေကြားခဲ့သည်။

 “ကျွန်တော်တို့ဟာ တကယ့်အခြေခံလူတွေအထိ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးက ကျွန်တော်တို့အရင်တုန်းကသိခဲ့ပြီး မေ့နေတဲ့စကားလုံးမျိုးပါဘဲ။ ကျွန်တော်တို့က ငြိမ်းချမ်းနေတဲ့ နယ်မြေကလာတဲ့လူတွေဆိုတော့ ငြိမ်းချမ်းရေးက ဘာမှမထူးခြားဘူး။ ဒီဘက်နယ်မြေတွေသွားတဲ့အခါမှာ ငြိမ်းချမ်းရေး တန်ဖိုးရှိမှုက သိပ်ဝေးသီခေါင်ဖျားရောက်လေ အဖိုးတန်တဲ့စကားလုံးမှန်း အခုတော့ တော်တော်နားလည်ပါပြီ။ ကျွန်တော်တို့နားလည်သလို ညီငယ် တွေရော၊ ညီမငယ်တွေရော နားလည်စေချင်ပါတယ်။ ပြိုင်မယ့်အဖွဲ့အစည်းလည်း နားလည်စေချင်တယ်။ ကိုယ့်ရဲ့ပင်မအစိုးရလည်း နားလည်စေချင် ပါတယ်။ ဒီစကားက လူတိုင်းကိုပြောတာပါ။ ကျွန်တော်တို့က အဲသည်အတွက် ရည်ရွယ်ချက်ကောင်းမွန်တဲ့အရာကို ဆောင်ရွက်ရတဲ့အတွက် မမောမပန်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြေကြားသည်။

 နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိပြီး တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

 “ဒီနေ့က အသံစစ်ပဲစစ်တာ ပြိုင်ပွဲမဟုတ်သေးပါဘူး။ အဓိက ဒီမှာက တိုင်ပင်တွေဘာတွေလည်း နည်းနည်းပါးပါးပါတာပေါ့။ စိတ်ထဲက တိုင်ပင်ပေါ့။ သီချင်းဆိုမယ်ဆိုကတည်းက ပရမ်းပတာ လျှောက်ဆိုလို့မရပါဘူး ကိုယ့်ပင်ကိုသံ အသံလေးကောင်းရင်ရဖို့များပါတယ်။ ဒီနေ့ကတော့ လွယ်သေးတယ်။ သူဆိုတဲ့သီချင်းက တစ်ပိုဒ်လောက်နဲ့ အဖြေပေါ်နိုင်တယ်ဆို တစ်ပိုဒ်လောက်ပဲဆိုခိုင်းမယ်။

 အကယ်၍ ဒီသီချင်းက အလယ်ပိုဒ်မှာ ဖမ်းတဲ့နေရာလေးပါတယ်။ ကီးချိန်းလေးပါတယ်ဆို အဲဒီကီးချိန်းလေးအထိ ကိုယ်ကဆွဲခေါ်သွားရတာပေါ့၊ ဆိုနိုင်လားပေါ့၊ ဒီကီးချိန်းဘာညာပါပီးတော့ ကိုယ်ကထိပ်ကလေးတင်ရပ်လိုက်ရင် သူရသွားမှာလေ။ သူရွေးတဲ့သီချင်းက နည်းနည်းခက်တာလေးပါနေရင် ခက်တဲ့နေရာကိုရလားဆိုပြီး စဉ်းစားရတာ။ မရဘူးဆိုရင်ချက်ချင်းရပါဘီလို့ပြောလိုက်ရတာပေါ့”ဟု တေးသံရှင်အဆိုတော် နွဲ့ယဉ်ဝင်းက ပြောသည်။

 ပထမဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ ရန်ကုန်၊ စစ်တွေ၊ နေပြည်တော်နှင့် မန္တလေးမြို့ တို့ကို သတ်မှတ်ထားခဲ့သော်လည်း ကရင်ပြည်နယ်၊ ဘာအံမြို့၌ သီဆိုမည့်သူများ များပြားလာသည့်အတွက် တိုးချဲ့ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

 “ဒီပြိုင်ပွဲမှာတော့ ကျေးရွာဝါဒကို သဘောကျနှစ်သက်လို့ အဲ့သည်ကျေးရွာဝါဒနဲ့ပဲပြိုင်ခဲ့ပါတယ်။ ရွေးချယ်ခံရပါတယ်။ ရွေးချယ်ခံရပြီးတော့ နောက်ပြိုင်ပွဲအတွက် တစ်ခါပြန်ပြီးတော့ အစမ်းလေ့ကျင့်မှုလုပ်တာပေါ့။ ချစ်အားငယ်ရသူမယ် သီချင်းနဲ့ Level 1ဒုတိယအဆင့်အနေနဲ့ ပြိုင်ရမှာပါ။ ကိုယ်ကလည်း ဝါသနာပါတယ်။ ငြိမ်းချမ်းရေးထဲမှာ ပါရတာဆိုတော့ ပျော်ရွှင်မှုနဲ့အတူ အားတင်းထားပါတယ်။ ကျွန်တော့်အမြင်ကတော့ ငြိမ်းချမ်းရေး ဆိုတဲ့နေရာမှာသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ငြိမ်းချမ်းရေးဆိုတဲ့ စာလုံးလေးရဲ့အဓိပ္ပါယ်လေးထဲမှာ ပါဝင်သက်ရောက်နေတာကိုက ဝမ်းသာပီတိဖြစ် နေတာပေါ့” ဟု ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ကိုမောင်မောင်သန့်က ပြောသည်။

 အဆိုပါ ပြိုင်ပွဲဝင်များအတွက် ဆုကြေးငွေများအဖြစ် ပထမဆုငွေကျပ် သိန်းသုံးရာ၊ ဒုတိယဆုငွေကျပ် သိန်းနှစ်ရာ၊ တတိယဆု ငွေကျပ် သိန်းတစ်ရာအပြင် နှစ်သိမ့်ဆုနှင့် အထူးဆု(၇)ဆုအတွက် တစ်ဆုလျှင် ငွေကျပ် သိန်းသုံးဆယ်ဖြင့် အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်သည်။