၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

 မန္တလေး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားစောင်းတန်းတော်ကြီး ဖွင့်ပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဘုရားကြီးတောင်ဘက်မုခ်အဝင်ပေါက်လမ်းရှိ ဒက္ခိဏရတနာစောင်းတန်းတော်ကြီးတွင် ကျင်းပပြုလုပ်သည်။

 ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ သာသနာရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်၊ ကျောက်တော်ကြီးဘုရား ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဌ သီရိသုဓမ္မမဏိဇောဓရ ဒေါက်တာဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စောင်းတန်းများနှင့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 ဘုရား၏ ရှေ့ဘက်မုခ်တွင် ပုရတ္တိရတနာစောင်းတန်း၊ တောင်ဘက်မုခ်တွင် ဒက္ခိဏရတနာစောင်းတန်း၊ အနောက်ဘက်မုခ်တွင် ပစ္ဆိမရတနာစောင်းတန်း၊ မြောက်ဘက်မုခ်တွင် ဥတ္တရရတနာစောင်းတန်းတို့ဖြစ်ကြပြီး တောင်ဘက်နှင့်မြောက်ဘက်စောင်းတန်းများသည် ပေ ၃၆၀ အရှည်ရှိပြီး အကျယ်မှာဆိုင်ခန်းများအပါအဝင် ပေ ၅၀ ကျယ်သည်။ အရှေ့ဘက်နှင့် အနောက်ဘက် စောင်းတန်းများသည် အရျည်ပေ ၂၀၀ ရှိ၍ ပေ ၅၀ ကျယ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဌ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်းက ပြောသည်။

 ယနေ့ နံနက်တွင် အဆိုပါစောင်းတန်းဖွင့်ပွဲ ကျင်းပခဲ့ပြီး စောင်းတန်းများတွင် နိဗ္ဗာန်ကုန်အရောင်းဆိုင်၊ ထိုးမုန့်၊ ဧလမုန့်ဆိုင်၊ ကြေးသွန်းပစ္စည်းအရောင်းဆိုင်၊ ပိုးထည်ချည်ထည်၊ ကျောက်မျက်ပန်းချီဆိုင်၊ ကျောက်မျာက်ရတနာဆိုင်၊ သင်္ကန်းဆိုင်၊ ပန်းပုဆိုင်နှင့် မှန်ပေါင်ဆိုင် အစရှိသည့် အရောင်းဆိုင်ပေါင်း ၁၂၆ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။