၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်

 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် Community Centre နှင့် ဒေါ်မမနိုင်(အင်္ဂလိပ်စကား ပြောသင်တန်း)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးခရိုင် Community Centre ၌ အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆရာမ ဒေါ်မမနိုင်(မန္တလေးရုပ်သေး)က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ကျေးဇူးတင်စကားပြေကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးကြသည်။

 “ကျွန်မတို့ ဒီလို သင်တန်းတွေ အခမဲ့ဖွင့်လှစ်ပေးနိုင်တာဟာ နိုင်ငံတော်ရဲ့အနာဂတ်မှာ လူစွမ်းအားအရင်းအဖြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တာပါ။ ပြီးခဲ့တဲ့အပတ်က အခြေခံ ဂျပန်စကားပြောသင်တန်းဖွင့်လှစ်ပေးပြီးပါပြီ။ လာမည့်အပတ်မှာလည်း အခြေခံကွန်ပျူတာသင်တန်း၊ အမျိုးသမီးများ အတွက် ပန်းအလှပြုပြင်ခြင်းသင်တန်းကိုလည်း မန္တလေးခရိုင် Community Centre တွင် အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ မည်သူမဆို လာရောက်၍ အခမဲ့သင်ကြားနိုင်ကြောင်း၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် မန္တလေးခရိုင် Community Centre ဖုန်း ၀၂-၈၀၉၈၈ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း” မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး က ပြောကြားသည်။

 အဆိုပါသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်အထိ (၃)လကြာမြင့်မည်ဖြစ်ရာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအား အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။