၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁ရက်

 မန္တလေးတိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီနှင့် YDPPကော်မတီတို့ ပူးပေါင်း၍ ၂၀၁၇ခုနှစ် YDPP ဖလား(ယူ-၁၁၊၁၂)နှင့် (ယူ-၁၃)သက်တမ်းအလိုက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ရက်နေ့ ညနေ ၃နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်ဘောလုံးကွင်းတွင် ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ မန္တလေးတိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် ယူ-၁၃ ပြိုင်ပွဲ(က)အုပ်စုမှ ပုသိမ်ကြီးမြို့နယ်အသင်းနှင့် ချမ်းအေးသာစံမြို့နယ်အသင်းတို့မှ ကစားသမားများနှင့် ဒိုင်လူကြီး များအား လိုက်လံနှုတ်ဆက်သည်။

 ပြိုင်ပွဲတွင် ပုသိမ်ကြီးမြို့နယ်အသင်းက ချမ်းအေးသာစံမြို့နယ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး သုံးမှတ်ရရှိသွားသည်။ ဒုတိယပွဲစဉ်တွင်(က) အုပ်စုမှ မဟာအောင်မြေအသင်းနှင့် ချမ်းမြသာစည်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မဟာအောင်မြေအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး သုံးမှတ်ရရှိ သွားသည်။

 ဒီဇင်ဘာ ၂ရက် ညနေ ၂ နာရီခွဲတွင်(ယူ-၁၁၊ ယူ-၁၂)ပြိုင်ပွဲအုပ်စု(က)မှ ချမ်းအေးသာစံမြို့နယ်အသင်းနှင့် ပုသိမ်ကြီးမြို့နယ်အသင်း၊ ဒုတိယပွဲစဉ်တွင် (က)အုပ်စုမှ ချမ်းမြသာစည်မြို့နယ်အသင်းနှင့် မဟာအောင်မြေမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 အဆိုပါ ပြိုင်ပွဲသို့် YDPP ကော်မတီက လေ့ကျင့်ပေးလျက်ရှိသော မန္တလေးခရိုင်အတွင်းရှိ ခုနစ်မြို့နယ်မှကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အဆင့်မြင့်ဘောလုံးသင်တန်းများအတွက် ကစားသမား ၅၀ဦးအား ရွေးချယ်မည်ဖြစ်သည်။

 ပြိုင်ပွဲကို ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး (က)အုပ်စုတွင် ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ (ခ)အုပ်စုတွင် အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နှင့် အမရပူရအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။